ပန်းချီဈေးကွက်မှာ ခေတ်ပြိုင်ရိုးရာဟန် ပန်းချီကားတွေကို ပိုပြီးဆန်းသစ်အောင် ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ပြည်ပဈေးကွက်ကို ထိုးဖောက်နေသူကတော့ ပန်းချီအောင်မင်းမင်းပါ။ ပန်းချီအောင်မင်းမင်းဟာ (၁၉၈၃)ခုနှစ်မှာ ကာတွန်းဆရာအဖြစ်နဲ့ ပြောင်မြောက်တဲ့ ကာတွန်းတွေကို ရေးသားခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ကာတွန်းဆရာဘ၀ကနေ ၀ါသနာအရ ပန်းချီဆရာအဖြစ် ကူးပြောင်းလာခဲ့ပြီး ရိုးရာပန်းချီကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်တာကြောင့် မြန်မာ့ရိုးရာပန်းချီကားတွေကိုသာ ဖန်တီးခဲ့ပါတယ်။ ပန်းချီပညာရပ်နဲ့ပတ်သက်လို့ ပန်းချီသင်တန်းကျောင်းဆင်းတစ်ဦး မဟုတ်ခဲ့ပေမယ့် ပန်းချီဆရာကြီးဦးအေးမြင့်၊ ဦးအေးကျော်တို့က သင်ကြားပြသပေးခဲ့ပါတယ်။ ပန်းချီအောင်မင်းမင်းဟာ မြန်မာ့ရိုးရာပန်းချီကားဖြစ်တဲ့ ကျေးလက်ဘုရားပွဲ၊ ယွန်းလုပ်ငန်းအပြင် တခြားကျေးလက်ဓလေ့တွေကို ရေးသားခဲ့ပြီး ပြည်တွင်းဈေးကွက်က ကြိုက်နှစ်သက်ခဲ့ပေမယ့် သူ့ရဲ့ရေးဆွဲဟန်တွေက ပြည်ပဈေးကွက်ကို ထိုးဖောက်ဖို့ခက်ခဲတာကြောင့် ခေတ်ပြိုင်ရိုးရာဟန်ပန်းချီကားတွေကို ဆန်းသစ်အောင် မျက်နှာအမည်းခြယ်တဲ့ ပုံစံရေးဆွဲနည်းကို ပြောင်းလဲရေးသားခဲ့ပြီး ဒီပန်းချီကားတွေကို စင်္ကာပူနိုင်ငံက ၀ယ်ယူစုဆောင်းတာတွေ ရှိနေတယ်လို့ ပန်းချီအောင်မင်းမင်းက ပြောပါတယ်။
 

ဒီလိုခေတ်ပြိုင်ရိုးရာဟန်ရေးဆွဲတဲ့ ပန်းချီဆရာအများအပြား ပန်းချီလောကထဲမှာရှိနေတာကြောင့် ပိုပြီးဆန်းသစ်အောင် တီထွင်ရေးဆွဲရတာ ဖြစ်တယ်လို့ ပန်းချီအောင်မင်းမင်းက ပြောပါတယ်။ အခုလိုသူ့ရဲ့ ပန်းချီကားတွေကို ပြည်ပနိုင်ငံတွေက ကြိုက်နှစ်သက်မှုရှိအောင် အချိန်တွေ၊ ဘ၀တွေနဲ့ရင်းခဲ့ရပြီး ကာလာမတူအောင်၊ အကြောင်းအရာမတူအောင် စဉ်းစားခဲ့ရတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လက်ရှိမှာ ပန်းချီဈေးကွက်ကျဆင်းနေတာကြောင့် ပန်းချီဆရာတွေအနေနဲ့ ပြည်တွင်းဈေးကွက်ကို အားကိုးလို့မရတာကြောင့် ပြည်ပဈေးကွက်ကို အခုလိုထိုးဖောက်ရတာဖြစ်တယ်လို့ ပန်းချီအောင်မင်းမင်းက ပြောပါတယ်။
 

ဒီလိုခေတ်ပြိုင်ရိုးရာပန်းချီကားတွေကို ဆန်းသစ်အောင်ရေးဆွဲနိုင်ဖို့ (၅)ပေပတ်လည်၊ (၆)ပေ(၄)ပေပန်းချီကားတစ်ချပ်ကို တစ်လနီးပါးခန့် အချိန်ယူရေးဆွဲရပြီး အခရိုင်းလစ်ဆေးအမျိုးအစားနဲ့ ရေးဆွဲရတယ်လို့ သိရပါတယ်။ ဒီပန်းချီကားတစ်ချပ်ကို ဒေါ်လာ(၅၅၀၀)ရှိပြီး အခုနောက်ပိုင်းမှာ ပြည်တွင်းကပါ ၀ယ်ယူစုဆောင်းတာတွေရှိတယ်လို့ ပန်းချီအောင်မင်းမင်းက ပြောပါတယ်။ပန်းချီအောင်မင်းမင်းအနေနဲ့ ခေတ်ပြိုင်ရိုးရာဟန်ရေးဆွဲထားတဲ့ ပန်းချီကားပေါင်း(၈၀)ကျော်ခန့် ရေးဆွဲခဲ့ပြီး တစ်ကိုယ်တော်ပြပွဲအဖြစ် (conliner)နဲ့ ရေးဆွဲထားတဲ့ ယပ်တောင်အမည်ရှိ ပန်းချီပြပွဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရေးသားထားတဲ့ ဂျာမနီကစာရေးဆရာက ပန်းချီအောင်မင်းမင်းရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ကို စာအုပ်မျက်နှာဖုံးအဖြစ် အသုးံပြုထားပြီး ၀ယ်ယူသူတွေရှိပေမယ့် ဒီပန်းချီကားကို မြတ်နိုးတာကြောင့် ခုချိန်ထိမရောင်းဖြစ်ပဲ သိမ်းဆည်းထားတယ်လို့ ပန်းချီအောင်မင်းမင်းက ပြောပါတယ်။

 

Related News