ချက်သမ္မတနိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးဖွင့်လှစ်တဲ့အခမ်းအနားကို မေလ(၁၉)ရက်က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ်ရှိ အဆိုပါရုံးနေရာမှာ ပြုလုပ်ခဲ့ပါတယ်။ အခုဖွင့်လှစ်ခဲ့တဲ့ ချက်သမ္မတနိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးကို အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ သဘောတူညီမှု၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ သဘောတူခွင့်ပြုချက်နဲ့ ဖွင့်လှစ်တာဖြစ်တယ်လို့ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်အဖြစ် ခန့်အပ်ခြင်းခံရတဲ့ ဒေါ်လှလှဝေက ပြောပါတယ်။ ချက်သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ယဉ်ကျေးမှုစတဲ့ ကဏ္ဍတွေကို မြှင့်တင်ပေးနိုင်ဖို့၊ နှစ်နိုင်ငံအကျိုးစီးပွားတိုးတက်စေဖို့အတွက် ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း  ဒေါ်လှလှဝေက ပြောပါတယ်။ 

မန္တလေးမြို့ဟာ မြန်မာနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်ပြီး နှစ်နိုင်ငံအကျိုးအတွက် အတူတကွလုပ်ကိုင်အောင်မြင်ဖို့ အခွင့်အလမ်းတွေ အများအပြားရှိနေတယ်လို့ ဆိုပါတယ်။ လက်ရှိ ချက်သမ္မတနိုင်ငံမှ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ သတ္ထုလုပ်ငန်း၊ ဖန်ထည်လုပ်ငန်း၊ ဆေးဝါးလုပ်ငန်း၊ စွမ်းအင်နဲ့ စွန့်ပစ်ပစ္စည်းအသုံးချလုပ်ငန်း စတာတွေမှာ လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပညာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍအပါအဝင် အခြားကဏ္ဍတွေမှာလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပြီး မန္တလေးမြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့  မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီးက ပြောပါတယ်။ အခုဖွင့်လှစ်ခဲ့တဲ့ မန္တလေးအခြေစိုက် ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရုံးကို မြန်မာနိုင်ငံဆိုင်ရာ ချက်သမ္မတနိုင်ငံ သံအမတ်ကြီး တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

 

 

Related News