ပြည်တွင်းမှာ ရာဘာကို ကုန်ကြမ်းအဖြစ်သာ ထုတ်လုပ်နိုင်ပြီး ကုန်ချောအဆင့်အထိ ထုတ်လုပ်ဖို့ နည်းပညာ လိုအပ်ချက်ကြောင့် ရာဘာဈေးကွက် ကျဆင်းနေတယ်လို့ သိရပါတယ်။ အကြောင်းအရာအပြည့်အစုံကိုတော့  လှည်းကူးမြို့နယ်အတွင်း ရာဘာကိုစိုက်ပျိုးသူအများအပြားရှိပြီးရာဘာကို တစ်ပိုင်တစ်နိုင်စိုက်ပျိုးသူတွေများတယ်လို့ သိရပါတယ်။ အဲဒီအထဲကမှ အောင်သုတရာဘာခြံလည်း အပါအ၀င်ဖြစ်ပါတယ်။ 

.အောင်သုတရာဘာခြံကို(၂၀၁၀)ပြည့်နှစ်မှာ စတင်တည်ထောင်ပြီး မြေဧက(၈၅)ဧကပေါ်မှာ အပင်ပေါင်းနှစ်သောင်းကျော်ကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒီခြံက အပင်ပေါင်း တစ်သောင်းခွဲကျော်ကို ရာဘာစေးခြစ်လို့ ရနေပြီဖြစ်ပါတယ်။ အဲဒီလိုရာဘာစေးခြစ်ပြီး ရာဘာပြားတွေအများအပြားထွက်ရှိနေပေမယ့် ရာဘာကိုကုန်ချောအထိ ထုတ်လုပိနိုင်ဖို့ကတော့ နည်းပညာလို အပ်ချက်တွေကြောင့် မထုတ်လုပ်နိုင်ဘဲ ကုန်ကြမ်းအဖြစ်သာ ထုတ်နိုင်တဲ့အတွက် ရာဘာဈေးကွက်ကျဆင်းနေပြီး ဈေးကောင်းရရှိဖို့ ခက်ခဲနေတယ်လို့ အောင်သုတရာဘာခြံပိုင်ရှင်ကို ကျော်မင်းနိုင်က ပြောပါတယ်။

ရာဘာပင်ဟာ မိုးများတဲ့ဒေသမှာ စိုက်ပျိုးပါက အစေးပိုမိုရရှိပြီး ပြည်တွင်းမှာ ရာဘာကို တနင်္သာရီ၊ မွန်ပြည်နယ် စတဲ့ ဒေသတွေက အဓိက စိုက်ပျိုးထုတ်လုပ်ကြတယ်လို့ သိရပါတယ်။ လှည်းကူးမြို့နယ်အတွင်းမှာတော့ တစ်ပိုင်တစ်နိုင်စိုက်ပျိုးတဲ့သူသာများပြီး အခုနောက်ပိုင်းမှာတော့ ရာဘာဈေးကွက်ကျဆင်းနေတာကြောင့် စိုက်ပျိုးသူ တဖြည်းဖြည်းနည်းပါး လာပါတယ်။ အရင်ကဈေးကောင်းရရှိတာကြောင့် စိုက်ပျိုးသူများပြား ခဲ့ပေမယ့် အခုအချိန်မှာတော့ တွက်ချေမကိုက် တာကြောင့် အပင်ကိုခုတ်လှဲသူတွေတောင် ရှိလာတယ်လို့ အောင်သူတ ရာဘာခြံပိုင်ရှင် ကိုကျော်မင်းနိုင်က ပြောပါတယ်။

ရာဘာပင်ဟာ အစိုဓါတ်ဖမ်း၊ အစာကျွေး၊ ပေါင်းခုတ်ပြီး သေချာစွာပြုစုပျိုးထောင်ပါက (၆)နှစ်သားအရွယ်မှာ အစေးခြစ်လို့ ရတယ်လို့ သိရပါတယ်။ အဲဒီလိုအစေးခြစ်ပြီးပါက အခြောက်ခံကာ ရရှိလာတဲ့ရာဘာပြားကို ကြိတ်ပြီးနေပူလှန်းရပါတယ်။ အဲဒီ့နောက်နေပူလှန်းကာ မှိုင်းခံပြီးသွားပါက ထုတ်ပိုးပြီး ဈေးကွကိကို တင်ပို့နိုင်တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာတော့ ပဲခူး၊ အင်းတကော်စတဲ့ ဒေသတွေကို တင်ပို့ရပြီး အဲဒီကမှတဆင့် ပြည်ပဈေးကွက်ဖြစ်တဲ့ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတွေကို တင်ပို့ကြတယ်လို့ သိရပါတယ်။ အခုလိုရာဘာဈေးကွက် ကျဆင်းနေတာကြောင့် ရေရှည်မှာ ရာဘာခြံကိုမှီပြီး လုပ်ကိုင်တဲ့ အလုပ်သမားတွေအခက်အခဲဖြစ်နိုင်တယ်လို့ ရာဘာအစေးခြစ်သူ ကိုတင်ကိုလတ်က အခုလိုပြောပါတယ်။

လက်ရှိမှာတော့ ရာဘာပင်စိုက်ပျိုးသူတွေအနေနဲ့ အလုပ်သမားစရိတ်၊ ခြံစရိတ်ပဲ ကာမိအောင် ကြိုးစားနေရပြီး ပြည်တွင်းမှာ ကုန်ချောအဖြစ် ထုတ်လုပ်နိုင်ရင်တော့ ရာဘာစိုက်ပျိုးသူတွေအတွက် အများကြီးအဆင်ပြေမှုရှိလာမယ်လို့ သိရပါတယ်။

 

Related News