သဘာဝသစ်ပင်ကရရှိတဲ့ သစ်ရွက်တွေကို မစွန့်ပစ်ဘဲ ပြန်လည်အသုံးပြုလို့ရတာကို ပြည်သူတွေ သိရရှိစေဖို့အတွက် သစ်ရွက်တွေကိုအသုံးပြုပြီး ပြည်တွင်းဖြစ် တစ်နိုင်တစ်ပိုင် သဘာဝပွင့်ရိုက်ထည် လုပ်ငန်းကို လုပ်ကိုင်ဖြစ်တာလို့ အဆိုပါ လုပ်ငန်းလုပ်ကိုင်တဲ့ မသိန္နီဦးက ပြောပါတယ်။ 

မသိန္နီဦးက (၂၀၁၅)ခုနှစ်လောက်က  သစ်ရွက်နဲ့ ပြုလုပ်တဲ့ သဘာဝပွင့်ရိုက်ထည်လုပ်ငန်းကို Online ပေါ်မှာ စတင်တွေ့ရှိခဲ့တာပါ။ဒါ့ကြောင့် သဘာဝပွင့်ရိုက်ထည်လုပ်ငန်းကို စိတ်ဝင်စားပြီး Online ကနေတစ်ဆင့် သင်ယူခဲ့တာဖြစ်သလို သင်ယူနေစဉ်မှာလည်း ၀ါသနာပါစွာ သင်ယူခဲ့ တယ်လို့ သိရပါတယ်။ ဒီလို သင်ယူတာကနေ နောက်ပိုင်းမှာတော့ ဒေသတွင်းမှာရှိတဲ့ ချည်ထည်တွေကို ပြည်သူတွေကိုသုံးစွဲစေဖို့၊ ချည်ထည်နဲ့ ပတ်သက်တဲ့ အနုပညာက မိရိုးဖလာတစ်ခုပြီး ကုန်ကျစရိတ်သက်သာခြင်းအပြင် သဘာဝပတ်ဝန်းကျင်ကိုပါ ထိန်းသိမ်း စောင့်ရှောက်နိုင်တာ ကြောင့် အခုလို သဘာဝပွင့်ရိုက်ထည်လုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး (၂၀၁၈)ခုနှစ်မှ စတင်ကာ ဈေးကွက်ထဲ ရောင်းချခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ 

မသိန္နီဦး အနေနဲ့ သဘာဝပွင့်ရိုက်ထည်လုပ်ငန်းကို စတင်လုပ်ကိုင်ရာမှ အခက်အခဲတွေရှိခဲ့တယ်လို့ သိရပါတယ်။ သစ်ရွက်တွေကို အသုံးပြုပြီး လုပ်ကိုင်ရတဲ့ သဘာဝပွင့်ရိုက်ထည်လုပ်ငန်းဖြစ်တာကြောင့် သူမအနေနဲ့ သစ်ပင်၊သစ်ရွက်တွေ အကြောင်းမသိခြင်း ၊ဘယ်သစ်ရွက်မှာ ဘယ်လို အရောင်ထွက်ရှိတယ်ဆိုတာ မသိခြင်း၊ သစ်ပင်နဲ့ ပတ်သက်ပြီးပြုစုထားတဲ့ စာအုပ်တွေရှားပါးတာကြောင့် လေ့လာဖို့မလွယ်ကူခြင်း စတာတွေ ကြောင့် သူ့အနေနဲ့ အခက်အခဲတွေရှိခဲ့သလို  ဈေးကွက်ထဲစတင်ဝင်ရောက်ချိန်မှာ  ဈေးကွက်အခြေအနေကို မသိတာကြောင့် အခက်အခဲတွေ ရှိခဲ့တယ်လို့ မသိန္နီဦးက ပြောပါတယ်။ သဘာဝပွင့်ရိုက်ထည်ပြုလုပ်ရာမှာ  ချည်ထည်၊သစ်ရွက်၊သံချေးရေ၊ကျောက်ချဉ်၊ဆော်ဒါ၊ဆား၊ အစရှိတဲ့ ကုန်ကြမ်းပစ္စည်းတွေ လိုအပ်တာဖြစ်ပြီး သဘာဝပွင့်ရိုက်စ တစ်စရရှိဖို့ကို ပထမအဆင့် အနေနဲ့ ချည်ထည်ကိုလျော်ပြီး ရေနွေးနဲ့အချိန်(၂)နာရီကြာပြုတ်ရပါတယ်။

ဒုတိယအဆင့်မှာတော့ ပြုတ်ထားတဲ့ချည်ထည်ကို ခုံပေါ်ဖြန့်တင်ပြီး သစ်ရွက်ကို သံချေးရေစွပ်ကာချည်ထည်ပေါ်မှာ လိုသလို ပုံဖော်ရတယ်လို့ပြောပါတယ်။ အခုလို  ပြီးပြည့်စုံတဲ့ သဘာဝ  သဘာဝပွင့်ရိုက်ထည်ရရှိဖို့ကိုလည်း အဆင့်ဆင့်ပြုလုပ်ရသလို ချည်ထည်မှာ အသုံးပြုတဲ့ သစ်ရွက်တွေကလည်း သစ်ရွက်တိုင်း ပြုလုပ်လို့ မရဘူးလို့  မသိန္နီဦးအနေနဲ့ သဘာဝပွင့်ရိုက်ထည်ပြုလုပ်ရာမှာ အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းဖြစ်တဲ့ သစ်ရွက်တွေကို ရန်ကုန်အပြင် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာပါ လိုက်လံဝယ်ယူရတယ်လို့ပြောပါတယ်။

အခုဆို သူမပြုလုပ်ထားတဲ့ သဘာဝပွင့်ရိုက်ထည်တွေကို ပြည်တွင်းမှာသာမက ပြည်ပနိုင်ငံတွေကပါ သိရှိလာတာကြောင့် ချည်ထည်နဲ့ ပတ်သက်တဲ့ တီထွင်မှုတွေကို ဆက်လက်လေ့လာနေတယ်လို့ ပြောပါတယ်။ ဒီလို အဆင့်ဆင့် ပြုလုပ်ထားတဲ့ သဘာဝသစ်ရွက်ချည်ထည်ရဲ့ဈေးနှုန်းတွေကတော့  အနည်းဆုံး ငွေကျပ်(၁)သောင်းမှ ငွေကျပ် (၄၅၀၀၀) လေးသောင်းခွဲထိ ရှိတယ်လို့သိရပါတယ်။  

 

Related News