တွံတေးမြို့နယ်၊ ခရမ်းကြီးကျေးရွာအုပ်စု၊ ကင်းရွာကျေးရွာမှာ အဓိကအသုံးပြုနေရတဲ့ သောက်သုံးရေကန်တွေ ရေခမ်းကုန်တာကြောင့် သောက်သုံးရေပြတ်လပ်နေပြီး လာရောက်လှူဒါန်းတဲ့ အလှူရှင်တွေကိုပဲ မှီခိုနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

တွံတေးမြို့နယ်၊ ကင်းရွာကျေးရွာမှာ နေ့အပူချိန်မြင့်မားလာလို့ မတ်လကတည်းက သောက်သုံးရေကန် နှစ်ကန်ခမ်းသွားပြီလို့ သိရပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ပေါ်က ပရဟိတအသင်းတွေကို ချိတ်ဆက်ပြီး သောက်သုံးရေရရှိရေး အကူအညီတောင်း နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေး အသင်းက ကင်းရွာကျေးရွာကို သောက်သုံးရေဂါလံ သုံးထောင် သွားရောက်လှူဒါန်းခဲ့ပြီး ပရဟိတနှလုံးသား လူမှုကူညီရေးအသင်းကလည်း သောက်ရေသန့်(၂၀)လီတာဆံ့ ဘူးနှစ်ရာ ပါဝင်လှူဒါန်းခဲ့ပါတယ်။ 

ကင်းရွာကျေးရွာမှာ ပြီးခဲ့တဲ့ ငါးနှစ်ကတည်းက နွေရောက်တာနဲ့ သောက်သုံးရေကန်ခမ်းတာကို ခံစားနေရတာဖြစ်ပါတယ်။ ရွာက လှိုင်သာယာမြို့နဲ့နီးပေမယ့် လမ်းမကောင်းတာကြောင့် သွားလာရေးခက်ခဲနေဆဲဖြစ်ပြီး သောက်ရေတစ်စည်ကို ကျပ်တစ်ထောင်ကနေ ထောင့်ငါးရာကြား ပေးကာဝယ်သောက်နေရတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ နွေရာသီရောက်တိုင်း ရေလာလှူတဲ့ ပရဟိတအသင်းတွေကို မှီခိုနေရတယ်လို့ရွာခံတစ်ဦးကပြောပါတယ်။ 

ရွှေရောင်သမိုင်း အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအသင်းက နွေရာသီမှာ သောက်သုံးရေခက်ခဲတဲ့ ဒေသတွေကို သွားရောက်လှူဒါန်းတာ ယခုအကြိမ်နဲ့ဆိုရင် (၇၅) ကြိမ် ရှိပြီဖြစ်တယ်လို့သိရပါတယ်။ အသင်းရဲ့ ပြောပြချက်အရ အခုနောက်ပိုင်း မြို့ပေါ်ရပ်ကွက်တွေမှာပါ မီးမမှန်လို့ရေမရတဲ့ အခက်အခဲတွေရှိလို့ သွားရောက်လှူဒါန်းနေရကြောင်း သိရပါတယ်။ 

 

Related News