ကိုရီးယား-မြန်မာ အဖွဲ့အစည်းမှ ကြီးမှူးကျင်းပတဲ့ Korea Expo 2019 ပြပွဲကို မေလ(၂၃)ရက်ကနေမေလ(၂၆)ရက်အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမမှာ ပြုလုပ်နေတာဖြစ်ပါတယ်။ ယခုပြုလုပ်နေတဲ့ Korea Expo 2019 ပြပွဲကို ကိုရီးယား-မြန်မာ အဖွဲ့အစည်းက နှစ်စဉ်မြန်မာနိုင်ငံမှာ ကိုရီးယားကုန်ပစ္စည်းတွေကိုလာရောက်ပြသရောင်းချပေးနေတာဖြစ်ပါတယ်။ ကိုရီးယားကုန်ပစ္စည်းတွေကို  မြန်မာနိုင်ငံမှာ မိတ်ဆက်ပြီး ကိုရီးယား - မြန်မာ ကူးသန်းရောင်းဝယ်ရေးအတွက် နှစ်စဉ် ကုန်စည်ပြပွဲကို ကျင်းပပြုလုပ်နေတာဖြစ်တယ်လို့သိရပါတယ်။ဒီနှစ်မှာတော့ ကိုရီးယား အစိုးရမှ အသိအမှတ်ပြုထားတဲ့ အသေးစားလုပ်ငန်းကုမ္ပဏီ (၁၁)ခုမှ မြန်မာနိုင်ငံရဲ့ ဈေးကွက်ကိုဝင်ရောက်ဖို့အတွက် ကုန်စည်ပြပွဲမှာ ပါဝင်ပြသနေပြီး လက်ရှိမြန်မာနိုင်ငံမှာ အောင်မြင်မှုရရှိထားတဲ့ ကိုရီးယားထုတ်ကုန် ကုမ္ပဏီ ပေါင်း (၅၀)ခန့်မှလည်း ပါဝင်ပြသရောင်းချနေတာဖြစ်ပါတယ်။

ကိုရီးယား - မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ဖလှယ်ပွဲဖြစ်တာကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းမှလည်း အဆိုပါပွဲကိုတက်ရောက်လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ပြပွဲမှာ ကားအရောင်းပြခန်း၊ ကိုရီးယား အလှကုန်ပစ္စည်းပြခန်း၊ အသေးစားလုပ်ငန်းသုံးကုမ္ပဏီပြခန်း၊ Fashion နဲ့ အ၀တ်အစားပြခန်း၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင်ပစ္စည်းများပြခန်း၊ အစားအသောက်ပြခန်းများက ပါဝင်ပြသရောင်းချနေတာဖြစ်ပါတယ်။ ကုန်စည်ပြပွဲကို လာရောက်ကြမယ့် ဧည့်သည်တွေအနေနဲ့ အမျိုးမျိုးသော ကိုရီးယားကုန်ပစ္စည်းများ ၊ ကိုရီးယားယဉ်ကျေးမှုများကို တွေ့ကြုံခံစားနိုင်မှာဖြစ်ပြီး ကိုရီးယားအစားအစာများကိုလည်း ၀ယ်ယူသုံးဆောင်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။ကိုရီးယား-မြန်မာ အဖွဲ့အစည်းက ကြီးမှူးကျင်းပနေတဲ့ အခုလို Korea Expo ပြပွဲတွေကို မြန်မာနိုင်ငံမှာ (၂၀၀၈)ခုနှစ်ကတည်းက စတင်ပြသလာခဲ့တာဖြစ်ပြီး ယခုနှစ်နဲ့ဆို (၁၃)ကြိမ်မြာက်ရှိပြီဖြစ်ပါတယ်။ 

 

 

Related News