ပြည်တွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲမှာ ပါဝင်လာတဲ့ ဓာတုဆေးရည်တချို့ကို စက်မှုလက်မှုလုပ်ငန်းတွေမှာပြန်သုံးဖို့ စဉ်းစားနေကြတယ်လို့ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါတယ်။ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ်က ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေထဲက ဆေးရည်တွေ အနေနဲ့ စိတ်ကြွဆေးရည်၊ ဘိန်းစာရည် ဘိန်းဖြူရည်၊ ချောင်းဆိုးပျောက်ဆေးရည်၊ ဗျူပရီနော်ဖင်း ထိုးဆေးရည်၊ ဒိုင်ယာစီပင် ထိုးဆေးရည်၊ ထရာမဒေါလ်ထိုးဆေးရည်၊ဘုံရည်၊ဆေးရှုရည်စတဲ့ မူးယစ်ဆေးဝါအရည်အမျိုးအစား တွေပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒီလိုဆေးအရည်တွေထဲက တချို့ဓာတုဆေးရည်တွေဟာ သယ်ဆောင်ရာမှာ အန္တရာယ်များတဲ့ အခြေအနေတွေလည်းရှိတယ်လို့သိရပါတယ်။ တစ်ချို့ဓာတုဆေးရည်တွေကို စက်မှုလက်မှု လုပ်ငန်းတွေမှာ ပြန်သုံးလို့ရရင် ပြန်လည်အသုံးပြုဖို့စဉ်းစားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောပါတယ်။လက်ရှိ မူးယစ်ဆေးဝါးဖမ်းဆီးနေမှုတွေနဲ့ပတ်သက်လို့ နေ့စဉ်ဖမ်းဆီးမှုတွေမှာ မူးယစ်ဆေးဝါး အများအပြားဖမ်းဆီးရမိတာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။

နယ်စပ်ဒေသတွေက ဖမ်းဆီးမှုတွေကတော့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စတွေကြောင့် လိုအပ်ချက်တွေရှိနေသေးတယ်လို့ ဗိုလ်မှူးကြီးအောင်စိုးမိုးက ပြောပါ တယ်။ပြီးခဲ့တဲ့ (၂၀၁၈)ခုနှစ်က ပြည်တွင်းမှာ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေအနက် ရန်ကုန်မြို့က မီးရှို့ဖျက်ဆီးပွဲမှာ ပါဝင်တဲ့ ဆေးရည်တွေက စိတ်ကြွဆေးရည် (၀.၀၃၅)လီတာ၊ ဘိန်းစာရည် (၁.၅၀၈) လီတာ၊ ဘိန်းဖြူရည် (၀.၀၀၈၅)လီတာ၊ ချောင်းဆိုးပျောက်ဆေးရည် (၀.၀၁၅)လီတာ၊ ဗျူပရီနော်ဖင်းထိုးဆေး(၇၃၀)ပုလင်း၊ ဒိုင်ယာစီပင်ထိုးဆေး(၆၉)ပုလင်း၊ ထရာမဒေါလ်ထိုးဆေးပုလင်း(၄၀၀၀)နီးပါး၊ ဘုံရည်(၀.၀၁၅)လီတာ၊ ဆေးရှုရည် (၀.၀၀၄)လီတာ ရှိခဲ့တယ်လို့သိရပါတယ်။

 

 

Related News