ဘွန်ဆိုင်းအပင်ဆိုတာကတော့ သက်တမ်းရင့်အပင်ကြီးတွေကို မြေကြီးမှာမစိုက်ဘဲ အိုးငယ်ထဲမှာ ပုံသွင်းပြုပြင်ထားတဲ့ အပင်စိုက်ခြင်းတစ်မျိုးဘဲဖြစ်ပါတယ်။ ဘွန်ဆိုင်းအပင်စိုက်ခြင်းကို အရင်က လူသိနည်းပေမယ့် အခုနောက်ပိုင်းမှာတော့ ဘွန်ဆိုင်းပင်တွေကို သိရှိလာကြတယ်လို့ ဘွန်ဆိုင်းပညာရပ်ကို လေ့လာနေတဲ့ ဦးကိုကိုနိုင်ကပြောပါတယ်။ အခုမြင်တွေ့နေရတာကတော့ နှစ်ချို့အပင်ကြီးတွေကို အိုးငယ်ထဲမှာစိုက်ပျိုးထားတာပါ။ အိမ်တစ်အိမ်လောက်ကြီးမားနိုင်တဲ့ သက်တမ်းရင့်အပင်ကြီးတွေကို အပင်ငယ်လေးဖြစ်အောင် စိုက်ပျိုးထားရတာပါ။ ဦးကိုကိုနိုင်ကတော့ ဘွန်ဆိုင်းပညာရပ်ကိုလေ့လာနေတာ 7နှစ်ဝန်းကျင်ရှိပြီဖြစ်ပါတယ်။ အရင်တုန်းက ဘွန်ဆိုင်းအပင်စိုက်ပျိုးခြင်းကို စနစ်တကျမသိခဲ့တဲ့သူတွေအနေနဲ့ ဘွန်ဆိုင်းတစ်ပင်ရဖို့နှစ်ပေါင်းသုံးဆယ်ကျော်ကြာမြင့်တယ်လို့ လေ့လာချက်တွေအရသိခဲ့ရပြီး အခုတော့ ဘွန်ဆိုင်းအပင်တစ်ပင်ရဖို့ နှစ်နှစ်ကနေ ခြောက်နှစ်အတွင်းသာ အချိန်ယူ ပြုပြင်ခဲ့ရတယ်လို့ ဘွန်ဆိုင်းပညာရပ်ကိုလေ့လာနေတဲ့ ဦးကိုကိုနိုင်ကပြောပါတယ်။

ဘွန်ဆိုင်းပင်တွေဟာ နေရာမယူတဲ့အတွက် အခုနောက်ပိုင်း တိုက်ခန်းနေတဲ့ လူတွေအတွက် အလွန်အဆင်ပြေမှုရှိလာနိုင်ပါတယ်။ မိမိတို့နေအိမ်တွင်းမှာဘဲ ပန်းပင်စိုက်ပျိုးနိုင်တာကလဲ ဘွန်ဆိုင်းပင်တွေရဲ့ အားသာချက်တစ်ခုဘဲဖြစ်ပါတယ်။ ဘွန်ဆိုင်းပင်လုပ်ဖို့ သက်တမ်းရင့်အပင် ဘယ်အပင်ကိုမဆို လုပ်နိုင်ပါတယ်။ ဘွန်ဆိုင်းပင်ပြုလုပ်ဖို့ကတော့ အရွယ်ရောက်ပြီးတဲ့အပင်ကို အကိုင်းအလက်တွေဖြတ်ချတာ လိုသလိုပုံသွင်းတာ အစရှိတာကို စတင်ပြုလုပ်ရတာဖြစ်တယ်လို့ ဘွန်ဆိုင်းပညာရပ်ကိုလေ့လာနေတဲ့ ဦးကိုကိုနိုင်ကပြောပါတယ်။အိမ်နီချင်းနိုင်ငံဖြစ်တဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ကျောင်းစာထဲမှာ ဘွန်ဆိုင်းဘာသာရပ်ကို ထည့်သွင်းပြီးသင်ကြားနေတဲ့အတွက် ဘွန်ဆိုင်းပင်တွေကို အိမ်တိုင်းနီးပါးက အမြတ်တနိုး တန်းဖိုးထား စိုက်ပျိုးနိုင်ကြတယ်လို့ ဦးကိုကိုနိုင်ကပြောပါတယ်။ အခုလက်ရှိပြည်တွင်းက တက္ကသိုလ်တွေမှာလည်း ဘွန်ဆိုင်းပညာရပ်နဲ့ပတ်သက်တဲ့ ဟောပြောပွဲတွေကို နှစ်တိုင်းဟောပြောဖြစ်တယ်လို့ ဦးကိုကိုနိုင်ကပြောပါတယ်။ ဘွန်ဆိုင်းပင်တွေရဲ့ တန်ဖိုးဟာ ငွေကျပ်တစ်သိန်းကနေ ငွေကျပ် လေးသိန်းကျော်ထိရှိတယ်လို့ သိရပါတယ်။

 

 

Related News