မန္တလေး-ပြင်ဦးလွင် ကားလမ်း၊ သန့်စင်ကုန်းရွာအနီးက ပန်းဈေးတန်းသစ်ကို ဇူလိုင်လဆန်းမှာ ဖွင့်လှစ်နိုင်မယ်လို့ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူထံက သိရပါတယ်။ မန္တလေး-ပြင်ဦးလွင် ကားလမ်းဘေးက သလဲကုန်း ပန်းဈေးတန်းမှာ ပြင်ဦးလွင်နဲ့ ပုသိမ်ကြီးမြို့ဝန်းကျင်က ပန်းစိုက်တောင်သူတွေ စိုက်ပျိုးတဲ့ ပန်းမျိုးစုံကို ရောင်းချနေတာပါ။ဒီဈေးတန်းက ကားလမ်းဘေးဖြစ်တဲ့အပြင် ယာဉ်ကြောကြပ်တည်းတာနဲ့ ယာဉ်အန္တရာယ်အတွက်ဖြစ်ပေါ်လာနိုင်တာကြောင့် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေနဲ့ သလဲကုန်းပန်းဈေးတန်းကို မန္တလေးမြို့နဲ့  ၇မိုင် အကွာ သန့်စင်ကုန်းရွာအနီး မြေဧက (၂)ဧကကျော်ကို ဝယ်ယူပြီး ပန်းဈေးတန်းတစ်ခု ဆောက်လုပ်နေတာဖြစ်ပါတယ်။ ဒီပန်းဈေးတန်းကိုမေလကုန်မှာ အမိုးမိုးပြီးမှာ ဖြစ်ပြီး ဇွန်လကုန် အပြီးသတ်ကာ ဇူလိုင်လဆန်းမှာတော့ ဖွင့်နိုင်မယ်လို့  မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။ 

ပန်းဈေးတန်းသစ်မှာ နေရာချထားဖို့ အတွက် အရင်က သလဲကုန်းပန်းဈေးတန်းက ပန်းဈေးသည်တွေကို စာရင်းကောက်ယူထားပြီး ရောင်းချသူ(၁၁၂)ဦးရှိတယ်လို့ သိရပါတယ်။ ပန်းဈေးတန်းနေရာသစ်မှာ (၁ဝ)ပေ ပတ်လည် ဆိုင်ခန်းပေါင်း (၁၂ဝ) ပါဝင်မှာဖြစ်ပြီး အပိုင်စနစ်နဲ့ ရောင်းချပေးမှာ မဟုတ်ဘဲ အငှားစနစ်နဲ့  မဲနှိုက်နေရာချပေးကာ လခ ကောက်ယူသွားမယ်လို့သိရပါတယ်။ မန္တလေးမြို့တော်စည်ပင်က ဆောက်လုပ်ပေးမယ့် ပန်းဈေးတန်း အသစ်ကပိုပြီး စနစ်တကျ ရောင်းချနိုင်မှာဖြစ်ပြီး ဈေးသူဈေးသား အားလုံးဆန္ဒနဲ့ ကိုက်ညီရင်ပိုမိုအဆင်ပြေနိုင်တယ်လို့  သလဲကုန်း ပန်းတန်းဈေးသည်အချို့က ပြောပါတယ်။ 

 

Related News