မြန်မာ့ပယင်းတွေကို စိတ်ဝင်စားပြီး ရန်ကုန်မြို့ ၃၇လမ်း အလယ်ဘလောက်မှာ အမေရိကန်နိုင်ငံသားဖြစ်တဲ့ မစ္စတာရော်ဂျာလောင်းက မြန်မာပယင်းပြတိုက်ကို ဖွင့်လှစ်ထားပါတယ်။ပယင်းကိုဆောင်ရင် ကျန်းမာရေးအရကောင်းမွန်တယ်ဆိုတဲ့ အယူအဆ တွေရှိကြသလို ပယင်းကို သိပ္ပံနည်းကျ လေ့လာချင်သူတွေလည်း ရှိကြပါတယ်။ အဲ့ဒီထဲကမှ အမေရိကန်နိုင်ငံသားဖြစ်တဲ့ မစ္စတာရော်ဂျာလောင်းက မြန်မာ့ပယင်းကို စိတ်ဝင်စားတာကြောင့် အခုလို ပြတိုက်ဖွင့်လှစ် ဖြစ်တာလို့ ပြောပါတယ်။ ပြတိုက်မှာတော့ ပယင်းတွေကို ပုံစံမျိုးစုံ အသွင်သဏ္ဍာန်မျိုးစုံနဲ့ ပြသထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ပယင်း ပြတိုက်ကို မြန်မာပြည်သူပြည်သားတွေပိုမိုလာရောက်လေ့လာပြီး မြန်မာ့ပယင်းကို ပိုမိုတန်ဖိုးထားတက်စေလိုတယ်လို့ ပြတိုက်မှူး မစ္စတာ ရော်ဂျာလောင်းက ပြောပါတယ်။ ပြတိုက်အဝင်မှာတော့ လာရောက်လည်ပတ်သူတွေ လုပ်ဆောင်ရမယ့်အချက်တွေကို စာနဲ့ ရေးသားထားတာတွေ့ရမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြတိုက်ရဲ့နေရာအချို့မှာတော့ ပယင်းတွေရဲ့ သမိုင်းကြောင်းတွေကို ခေတ်နဲ့ အလိုက်ရေးသားဖော်ပြထားတာတွေရှိပြီး ခေတ်အဆက်ဆက် ပြောင်းလဲလာပုံ ၊ ရှာဖွေတွေ့ ရှိထားတဲ့ ပယင်းတွေရဲ့ အကြောင်းအရာတွေကို မြန်မာ၊ အင်္ဂလိပ်ဘာသာနှစ်မျိုးနဲ့ ရှင်းပြထားဖြစ်တယ်လို့ ပြတိုက်မှူး မစ္စတာရော်ဂျာလောင်းက ပြောပါတယ်။ မြန်မာပြည်ကထွက်တဲ့ ပယင်းတွေဟာ နှစ်ပေါင်း (၉၉)သန်းကျော် အချိန်ကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပယင်းတွေဖြစ်ပါတယ်။

အဲ့ဒီ့ပယင်းတုံးတွေမှာ ကင်းမြီးကောက်၊ ခရု၊ ဖွတ်၊ ပုတက်၊ ကင်းလိပ်ချောနဲ့ တောက်တဲ့ စတဲ့သတ္တဝါတွေရဲ့ရုပ်ကြွင်းတွေကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။ ဒီပြတိုက်ဟာ ပယင်းရဲ့နောက်ခံသမိုင်းကြောင်းကို လေ့လာဖို့အကောင်းဆုံးနေရာဖြစ်တာကြောင့် လာရောက်လေ့လာဖို့ကို မစ္စတာရော်ဂျာလောင်းက ဖိတ်ခေါ်နေပါတယ်။ ပြတိုက်က ပယင်းတုံးတွေကိုလည်း အမျိုးအစားပေါ်မူတည်ပြီး အမေရိကန်ဒေါ်လာ ၂၀ ကနေ ၁၅၀၀ ဈေးနှုန်းတွေနဲ့ ရောင်းချပေးတယ်လို့ သိရပါတယ်။ ပြတိုက်ကို လေ့လာမယ်ဆိုရင် ဝင်ကြေးအနေနဲ့ တက္ကသိုလ်ကျောင်းသားတွေ တစ်ထောင်ကျပ်၊ အခြေခံပညာကျောင်းသားတွေကို အခမဲ့၊ ပြည်တွင်းက လူတွေကို နှစ်ထောင်ကျပ်နဲ့ နိုင်ငံခြားသားတွေကို ငါးထောင်ကျပ်ကောက်ခံတယ်လို့ သိရပါတယ်။

 

Related News