၂၀၁၈-၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် သိပ္ပံဘာသာတွဲ မြန်မာတစ်နိုင်ငံလုံးပထမဆုရှင်ကတော့ ရန်ကုန်တိုင်းဒေသကြီး အထက(၄)အလုံမှ ၀င်ရောက်ဖြေဆိုခဲ့တဲ့ မောင်ကျော်လင်းသန်းဖြစ်ပြီး စုစုပေါင်းရမှတ် ၅၅၅ မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံး ပထမဆုကို ရရှိခဲ့တာပါ။မောင်ကျော်လင်းသန်းကတော့ ငယ်စဉ်ကတည်းက စာပေတွေကို စိတ်ဝင်စားခဲ့ပြီး စာပေမှန်သမျှ လေ့လာလိုက်စားခဲ့တယ်လို့ သိရပါတယ်။

ကျောင်းတက်ခဲ့စဉ်တစ်လျှောက် နှစ်စဉ်နှစ်တိုင်းပညာရေးထူးချွန်ဆုတွေကို ရရှိခဲ့တယ်လို့လဲ သိရပါတယ်။ ၂၀၁၆ ခုနှစ်မှစလို့ ၂၀၁၉ ပညာသင်နှစ်အထိ လူရည်ချွန်သုံးထပ်ကွမ်းဆုကို ရရှိထားသူလည်း ဖြစ်ပါတယ်။ ၂၀၁၈-၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၀င်ရောက်ဖြေဆိုတဲ့အခါမှာ မြန်မာတစ်နိုင်ငံလုံး ပထမဆုရရှိဖို့ မခန့်မှန်းထားပေမယ့် ခြောက်ဘာသာဂုဏ်ထူးထွက်ဖို့ကိုတော့ မျှော်မှန်းခဲ့တယ်လို့ -သိပ္ပံဘာသာတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင်မောင်ကျော်လင်းသန်းက ပြောပါတယ်။မောင်ကျော်လင်းသန်းက ငယ်စဉ်ကတည်းက ချူချာခဲ့တဲ့အတွက် သူ့လိုကလေးငယ်တွေကို ဆေးကုသပေးဖို့အတွက် ကလေးအထူးကုဆရာဝန်ကြီးဖြစ်ချင်တယ်လို့ မြန်မာတစ်နိုင်ငံလုံးပထမဆုရှင်မောင်ကျော်လင်းသန်းကပြောပါတယ်။

မောင်ကျော်လင်းသန်းရဲ့ မိဘတွေကတော့ မြန်မာတစ်နိုင်ငံလုံးပထမဆုရရှိခဲ့တဲ့အတွက် ၀မ်းသာပီတိဖြစ်သလို ရှေ့ဆက်ပြီးလည်း ပံ့ပိုးမှုတွေပြုလုပ်သွားမှာဖြစ်တယ်လို့ မောင်ကျော်လင်းသန်းရဲ့ မိဘနှစ်ဦးကပြောပါတယ်။မောင်ကျော်လင်းသန်းဟာ  အထက(၄)အလုံမှာ တက်ရောက်ခဲ့စဉ်တစ်လျှောက် နှစ်စဉ်နှစ်တိုင်း ပညာရေးထူးချွန်ဆုတွေ ရရှိခဲ့တဲ့အတွက် ၂၀၁၈-၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ထူးချွန်စွာအောင်မြင်မယ့် ကျောင်းသားတစ်ယောက် ဖြစ်မယ်လို့ မျှော်လင့်ခဲ့တယ်လို့ အထက(၄)အလုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြကြည်က ပြောပါတယ်။

မောင်ကျော်လင်းသန်းရရှိခဲ့တဲ့ အမှတ်တွေကတော့ မြန်မာစာ (၈၁) အင်္ဂလိပ်စာ (၈၁) သချာင်္ (၉၉) ဓာတုဗေဒ (၉၈) ရူပဗေဒ (၉၇) ဇီဝဗေဒ (၉၉)နဲ့ စုစုပေါင်းရမှတ် (၅၅၅)မှတ်နဲ့ မြန်မာတစ်နိုင်ငံလုံးပထဆုကို ရရှိခဲ့တာဖြစ်ပါတယ်။တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ၂၀၁၉ ခုနှစ်မတ်လပိုင်းမှာ ကျင်းပခဲ့တာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ (၈)သိန်းကျော် ၀င်ရောက်ဖြေဆိုခဲ့ကြတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာတော့ အောင်ချက်ရာခိုင်နှုန်းက (၃၂.၆၃)ရာခိုင်နှုန်းအောင်မြင်ခဲ့တယ်လို့ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။ ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာ ဘာသာရပ်အလိုက် ဂုဏ်ထူးထွက်တဲ့ အရေအတွက်ကတော့ (၁၄၈၄၆)ရှိတယ်လို့  မြန်မာနိုင်ငံစာစစ်ဌာနက ထုတ်ပြန်ထားပါတယ်။

 

Related News