Daewoo Bus ထုတ်လုပ်မှုတွေကို SKD စနစ်ကနေ CKD စနစ်အထိ ထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ ဇွန်လ(၁၁)ရက်က Daewoo Bus Myanmar ကုမ္ပဏီမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ စက်မှုဝန်ကြီးဌာနအနေနဲ့ မော်တော်ယာဉ်ဆိုင်ရာ မူဝါဒကိုကာလတို၊ ကာလလတ်၊ ကာလရှည်ဆိုပြီး မျှော်မှန်းထားသလို ယာဉ်တွေကိုလည်း ခရီးသည်များများ စီးနင်းနိုင်ဖို့နဲ့ လုံခြုံမှုရှိစေဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။

  ပြည်တွင်းမှာ လက်ရှိ မော်တော်ယာဉ်တွေကို SKD စနစ်နဲ့ ထုတ်လုပ်တာဖြစ်ပြီး ဒီစနစ်ကနေ CKD စနစ်ကို ကူးပြောင်းနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ CKD စနစ်ဆိုတာ ကားတပ်ဆင်ထုတ်လုပ်မှုအပိုင်းတွေကို စက်တွေနဲ့ တပ်ဆင်တဲ့ စနစ်ဖြစ်ပါတယ်။ ဒီစနစ်ကိုလုပ်ဆောင်ဖို့ဆိုရင် ဈေးကွက်ကအရေးကြီးတယ်လို့စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပါတယ်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြည်တွင်းမှာ SKD စနစ်နဲ့ တပ်ဆင်ထုတ်လုပ်မှုကို အချိန်ကာလအနေနဲ့(၃)နှစ် သတ်မှတ်ပေးခဲ့ပြီး စက်မှုဇုန်တွေမှာ တပ်ဆင်ထုတ်လုပ်မယ်ဆိုရင်တော့ အချိန်ကာလ(၅)နှစ်အထိ သတ်မှတ်ပေးထား တယ်လို့ သိရပါတယ်။ ပြည်တွင်းမှာ SKD (စနစ်နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ကားတွေဟာ ပြည်ပကိုပါ တင်ပို့နိုင်ပြီး ဈေးကွက်အရ ကျယ်ပြန့်လာမယ်ဆိုရင်  CKD စနစ်ကို ပြောင်းလဲထုတ်လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကားတပ်ဆင်ထုတ်လုပ်တဲ့ အစီးရေတစ်သောင်းကျော်ရင်လည်း CKD စနစ်နဲ့ ပြောင်းလဲထုတ်လုပ်ရမှာဖြစ်တယ်လို့ သိရပါတယ်။

Daewoo Bus Myanmar ကုမ္ပဏီက လက်ရှိမှာ City Bus၊ Mini Bus ယာဉ်အမျိုးအစား(၂)မျိုး ကို ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံစတဲ့(၂)နိုင်ငံမှာပဲ တပ်ဆင်ထုတ်လုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီယာဉ်အမျိုးအစားတွေကို ၀ယ်ယူလိုတဲ့ အိမ်နီးချင်းနိုင်ငံတွေကိုလည်း အဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ဖို့အတွက်လည်း ချိတ်ဆက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

 

Related News