အာဆီယံခရီးသွား လွယ်ကူချောမွေ့စေရေး တရုတ်-မြန်မာဆွေးနွေးပွဲကို ခရီးသွားလုပ်ငန်းတွင် အသင့်ဖြစ်နေသော တရုတ်နိုင်ငံ ခေါင်းစဉ်ဖြင့်  ဇွန်လ (၁၁) ရက်က မန္တလေးမြို့ Hilton Hotel မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အခုပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနနဲ့ အာဆီယံ-တရုတ်ဗဟိုဌာနတို့ ပူးပေါင်းပြီး ပြုလုပ်တာဖြစ်ပြီးမန္တလေးတိုင်းဒေသကြီးရဲ့ ခရီးသွားလုပ်ငန်း မြှင့်တင်ပေးနိုင်ဖို့၊ မြန်မာနိုင်ငံရဲ့ အချက်အချာကျတဲ့ဒေသတစ်ခုရဲ့ အနေအထားကို မြှင့်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင်မန္တလေးမြို့ဟာ တရုတ်ခရီးသွားတွေအများဆုံးဝင်ရောက်တဲ့အတွက် တရုတ်ခရီးသွား ဧည့်သည်တွေကို တာဝန်ယူဆောင်ရွက်နေတဲ့ ခရီးသွားကုမ္ပဏီ၊ ဟိုတယ်နဲ့ဧည့်လမ်းညွှန်တွေကို တရုတ်လူမျိုးတွေရဲ့ အလေ့အထကို သိရှိစေဖို့ဝန်ဆောင်မှုကောင်းပေးနိုင်စေဖို့အတွက် ဆွေးနွေးတာဖြစ်တယ်လို့ နိုင်ငံတကာနှင့်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးဌာနခွဲ(နေပြည်တော်)မှ ညွှန်ကြားရေးမှူး ဦးလှမြင့်က ပြောပါတယ်။

ဒီဆွေးနွေးပွဲကိုတော့ တရုတ်နိုင်ငံရဲ့ ထင်ရှားတဲ့ တက္ကသိုလ်(၂)ခုမှ ပညာရှင်တွေနဲ့ မန္တလေးမြို့ရှိ ခရီးသွားအေဂျင်စီများ၊ ဧည့်လမ်းညွှန်များနှင့်ပုဂ္ဂလိကခရီးသွားကဏ္ဍမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲမှာ နိုင်ငံခြားခရီးသွားဈေးကွက်အခြေအနေ၊ ခရီးသွားတွေသတင်းအချက်အလက်ရရှိရေး၊ ဝန်ဆောင်မှုနဲ့ ပတ်သက်တဲ့ Complain တွေကို ဘယ်လိုဆောင်ရွက်ရမလဲဆိုတဲ့ အကြောင်းအရာတွေဆွေးနွေးသွားမယ်လို့ သိရပါတယ်။ ဒီဆွေးနွေးပွဲဟာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေသူတွေအတွက်  တရုတ်ခရီးသွားဈေးကွက်နဲ့ပတ်သက်တဲ့ အမြင်နဲ့ဗဟုသုတတွေ ရရှိသွားဖို့ မျှော်လင့်ထားတယ်လို့ Asean – China Centre က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဦးမြတ်သူ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်၊ မြန်မာနိုင်ငံဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အာဆီယံ-တရုတ်ဗဟိုဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ 

 

Related News