ရန်ကုန်တိုင်းဒေသကြီးမှာ နောက်ထပ် Yangon Petrol စက်သုံးဆီအရောင်းဆိုင်တွေ ထပ်မံဖွင့်လှစ်ဖို့ ဆောင်ရွက်နေပြီလို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံက သိရပါတယ်။Yangon Petrol ဆီဆိုင်တွေဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကြီးကြပ်ကွပ်ကဲမှုအောက်မှာ အခြားစက်သုံး ဆီအရောင်း ဆိုင်တွေဖြစ်တဲ့ PT Power နဲ့ BOC တို့က ပူးပေါင်းပါဝင်ရင်းနှီးမြှုပ်နှံထားတာဖြစ်ပါတယ်။

လက်ရှိ YP ဆီဆိုင်တွေရဲ့ စက်သုံးဆီဈေးနှုန်းဟာ အခြားဆိုင်တွေထက် တစ်လီတာကျပ်(၆၀)၀န်းကျင် လျော့နည်းရောင်းချ နေတာဖြစ်ပြီး ဒါဟာအရှုံးခံ ရောင်းချနေတာမဟုတ်ပဲ အမြတ်နည်းနည်းနဲ့ရောင်းနေတာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။Yangon Petrol ဆီဆိုင်တွေကို သာကတေ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)နဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွေမှာ သုံးဆိုင်ဖွင့်လှစ် ထားပြီးဖြစ်ပါတယ်။

ဆိုင်သစ်တွေအတွက် မြေနေရာရရှိနိုင်မှုက အခက်အခဲအနည်းငယ်ရှိနေပေမယ့် ရန်ကုန်တိုင်းဒေသကြီး အတွင်း ထပ်ဖွင့်သွားမှာဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာအတွက်ပါ မျှော်မှန်းထားတယ်လို့ သိရပါတယ်။လက်ရှိ Yangon Petrol အတွက် ချထားပေးတဲ့မြေတွေဟာ တစ်ပေပတ်လည်ကို ကျပ်(၂၀၀၀)ကနေ(၄၈၀၀)ကြားနဲ့ချထားပေး တာဖြစ်ပြီး စက်သုံးဆီဆိုင်ကလွဲပြီး အခြားလုပ်ငန်းလုပ်ကိုင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။ ဒါဟာအစိုးရက မြေရောင်းစား တာ မဟုတ်ပဲ အများပြည်သူသက်သာစေဖို့၊ စက်သုံးဆီဈေးကျဖို့ ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါ တယ်။ စက်သုံးဆီဈေးကျဆင်းစေဖို့ Yangon Petrol လို ဆောင်ရွက်နိုင်မယ့် ကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်မယ်လို့ လည်းသိရပါတယ်။

(၂၀၁၀)မတ်လတုန်းကလည်း စက်သုံးဆီဈေးကျဆင်းစေဖို့ အစိုးရဆီဆိုင်တွေကို ပုဂ္ဂလိကထံ ကာလတန်ဖိုးထက် အများကြီး လျော့နည်းတဲ့ နှုန်းတစ်ခုနဲ့ ဆိုင်ပေါင်း(၂၆၁)ကျော်ကို ချထားပေးခဲ့ဖူးပါတယ်။ ပြည်တွင်းမှာ လက်ရှိ စက်သုံးဆီဆိုင်ပေါင်း (၂၀၀၀)ကျော်ရှိပြီး တစ်လကို ဒီဇယ် တန်ချိန် (၄)သိန်း၊ ဓာတ်ဆီတန်ချိန် (၂)သိန်းခွဲ၊ ဂါလန်အနေနဲ့ ဒီဇယ်ဂါလန်သန်း(၁၀၀)ကျော်နဲ့ ဓာတ်ဆီဂါလန်သန်း(၆၀)ကျော် တင်သွင်းနေရတယ်လို့ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းထံက သိရပါတယ်။

 

 

Related News