လူငယ်တိုင်းစိတ်ဝင်စားနေတဲ့ အလုပ်တစ်ခုဖြစ်တဲ့ လေယာဉ်မောင်၊ မယ်အလုပ်ကို တက္ကသိုလ်ဝင်တန်းအောင်မြင်တာနဲ့ လျှောက်ထားနိုင်ပြီး  လက်ရှိမှာလည်း လေယာဉ်မောင်မယ်အလုပ်ကို စိတ်ဝင်စားသူတွေ များပြားနေတယ်လို့ သိရပါတယ်။မအင်ကြင်းကတော့ ကာတာလေကြောင်းလိုင်းမှာ ခြောက်နှစ်နီးပါး လေယာဉ်မယ်အလုပ်ကို လုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိချိန်မှာတော့ လေယာဉ်မောင် မယ်အလုပ်လုပ်ကိုင်ချင်သူတွေ များပြားနေပေမယ့် စနစ်တကျနဲ့ လေယဉ်မောင် မယ်အလုပ်ကို အင်တာဗျူးဖြေဆိုဖို့တောင် ခက်ခဲနေသူတွေကို တွေ့ခဲ့ရတာကြောင့် လေယာဉ်မောင်မယ် သင်တန်းကို ဖွင့်လှစ်ဖို့စီစဉ်ခဲ့တာလို့ သိရပါတယ်။  လေယာဉ်မောင်မယ်တစ်ယောက်ဟာ လေယာဉ်မှူးတွေပြီးရင် ဒုတိယ အရေးပါသူတွေဖြစ်တာကြောင့် သူတို့အနေနဲ့ အခြေခံအချက်များစွာကို တတ်မြောက်ထားသင့်တယ်လို့  ပြောပါတယ်။

ဒီလိုလုပ်ဆောင်ရတာတွေ များပြားပေမယ့်လည်း အခုနောက်ပိုင်းမှာတော့ လေယာဉ်မောင်မယ်သင်တန်းကို တက်ရောက်ချင် သူတွေဟာ အရင်နှစ်တွေကထက် စိတ်ဝင်စားမှုက ပိုမိုများပြားလာတယ်လို့ Myanmar Flight Attendant School မှ Founder မအင်ကြင်းက ပြောပါတယ်။ 

လေယာဉ်မောင်မယ်တစ်ယောက်အနေနဲ့ လေယာဉ်ပေါ်မှာ တာဝန်ထမ်းဆောင်ရတော့မယ်ဆိုရင် ခရီးသည်တွေရဲ့ လိုအပ်ချက် တွေကိုပါ ကြည့်ရှုပေးယုံသာမက လေယာဉ်ပေါ်မှာ ဖြစ်ပေါ်လာမယ့် အရေးပေါ်ကိစ္စတွေကိုလည်း စနစ်တကျ တည်ငြိမ်စွာနဲ့ ဖြေရှင်းပေးတာကလည်း လေယာဉ်မောင်မယ်တွေရဲ့ အရေးကြီးတဲ့ အပိုင်းဖြစ်တယ်လို့ ပြောပါတယ်။ မသူသူနိုင်ဇော်နဲ့ မအိအိချယ်တို့ အနေနဲ့ကလည်း လေယာဉ်မယ်ဖြစ်ဖို့ အရေးကြီးတဲ့ သင်ကြားမှုတွေကို သင်ကြားနေပြီး လေယာဉ်မယ် တစ်ယောက်ရဲ့ ရှိသင့်တဲ့ အရည်အချင်းတွေကို ဝမ်းစာဖြည့်နေသလို အလုပ်ခေါ်ယူနေတဲ့ လေကြောင်းလိုင်းတွေမှာလည်း လေယာဉ်မယ်အလုပ်ကို လုပ်သွားဖို့အတွက် ကြိုးစားနေတယ်လို့ ပြောပါတယ်။ 

လွန်ခဲ့သော နှစ်တွေက လေယာဉ်မောင်မယ်သင်တန်းတွေ ဖွင့်လှစ်သင်ကြားတာဟာ မရှိသလောက်နည်းပါးခဲ့ပြီး လေကြောင်း လိုင်းတွေမှာ အလုပ်ရပြီးမှ အလုပ်လုပ်ရင်း အတွေ့အကြုံတွေကို ယူကြရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Myanmar Flight Attendant School  လို သင်တန်းကျောင်းမျိုးကတော့ လေယာဉ်မောင်မယ်ဖြစ်ချင်သူတွေ အတွက် အလုပ်မှာ အတွေ့အကြုံရှိတဲ့ သူတွေ ကိုပဲ ခေါ်ယူသင်ကြားစေပြီး နိုင်ငံရဲ့ ဂုဏ်ပြရုပ်ကို ဖော်ဆောင်စေတယ်လို့ လေယာဉ်မောင်မယ်သင်တန်းမှာ ဆရာအဖြစ် ပြန်လည် လုပ်ကိုင်နေတဲ့ လေယာဉ်မောင်တစ်ဦးဖြစ်ခဲ့သူကို ထက်ဝေအောင်က ပြောပါတယ်။ 

လေယာဉ်မောင်မယ်အလုပ်ကတော့ ပြည်တွင်းမှာဆိုရင် အသက်(၁၈)နှစ်ပြည့် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတာနဲ့ အလုပ်ခေါ်ယူ တာတွေရှိသလို နိုင်ငံတကာလေကြောင်းလိုင်းအများစုကတော့ အသက်(၂၁)နှစ်က စတင်လို့ အသက်(၃၅) အရွယ်ထိ လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။   

 

Related News