အာရှပိုက်ကျော်ခြင်းပြိုင်ပွဲမှာ အောင်ပွဲရရှိခဲ့တဲ့ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းကို ဇွန်လ(၁၅)ရက်က မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။ ဇွန်လ(၈)ရက်မှ(၁၄)အထိ တရုတ်နိုင်ငံကူမင်းမြို့မှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် အာရှဖိတ်ခေါ် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ ငွေတံဆိပ်ဆု(၂) ဆုရှိခဲ့တဲ့ မြန်မာအမျိုးသမီးပိုက်ကျော်ခြင်းအသင်းဟာ မန္တလေးမြို့ တံတားဦးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို  ပြန်လည်ရောက်ရှိလာတာပါ။ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအသင်းကို ဆီးဂိမ်းပြိုင်ပွဲနဲ့ အာရှပြိုင်ပွဲတွေအတွက် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ သွားရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးစိုးနိုင်က ပြောပါတယ်။ 

မြန်မာနိုင်ငံပိုက်ကျော်ခြင်းအသင်းက အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲမှာ မလေးရှားအသင်း၊ ဂျပန်အသင်းနဲ့ အိမ်ရှင်တရုတ်အသင်းတို့ကို အနိုင်ရရှိခဲ့ပြီး ရှုံးပွဲမရှိ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ခဲ့ကာ ဗိုလ်လုပွဲစဉ်မှာ ထိုင်းအသင်းကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယငွေတံဆိပ်ဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ပြိုင်ပွဲအမျိုးအစားက သုံးယောက်တွဲနဲ့ နှစ်ယောက်တွဲ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အာရှတစ်တိုက်လုံးမှာ မြန်မာက နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။ ဆုရ မြန်မာနိုင်ငံအမျိုးသမီးပိုက်ကျော်ခြင်းအသင်းကို အားကစားနှင့်ကာယသိပံ္ပ (မန္တလေး)က တာဝန်ရှိသူတွေနဲ့ ကျောင်းသား ကျောင်းသူတွေ၊ မန္တလေးတိုင်းဒေသကြီး ခြင်းလုံးဆပ်ကော်မတီက တာဝန်ရှိသူတွေ၊ အောင်ပွဲရအသင်းမှ မိသားစုဝင်တွေက ကြိုဆိုအားပေးဂုဏ်ပြုခဲ့ကြပါတယ်။


 

 

Related News