သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဆိုင်ရာဟောပြောပွဲကို ဇွန်လ(၁၆)ရက်က ဆရာစံ ပလာဇာ၊ CBC Ballroom မှာ ပြုလုပ်ခဲ့ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါအကြောင်း အသိပညာပေးဆိုင်ရာ ဟောပြောပွဲကို Myancare ကျန်းမာရေးဝန်ဆောင်မှု အက်ပလီကေးရှင်းက ဦးစီးကျင်းပပေးတာဖြစ်ပြီး ကလေးအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာစောဝင်းက ဟောပြောခဲ့တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါနဲ့ ပတ်သက်ပြီး သိသင့်တာတွေကို ရှင်းလင်းပြောပြခဲ့တာဖြစ်ပြီး ကလေးမိဘအများစု တက်ရောက်နားထောင်ခဲ့ကြပါတယ်။ ရာသီတိုင်းမှာဖျားရင် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်နိုင်တယ်လို့ တွေးမှတ်ထားရမှာဖြစ်ပြီး ဖျားပြီး အပူကျခဲ့ရင်တောင် ကလေးက မလန်းရင် သတိထား၊ ဆေးခန်းပြရမှာဖြစ်တယ်လို့ ကလေးအထူးကုဆရာဝန်ကြီးက ပြောပါတယ်။ 

ဒီရာသီမှာအဖြစ်များတဲ့ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာတွေကို မိဘတွေသိရှိဖို့ စီစဉ်ပေးတာဖြစ်ပြီး ကုသလို့ရတဲ့ ရောဂါကို အသက်သေဆုံးတဲ့အထိ မဖြစ်စေရအောင် ကျန်းမာရေးဗဟုသုတတွေ ဝေမျှပေးတာဖြစ်တယ်လို့ ပွဲစီစဉ်သူမှ ပြောပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်တုန်းက ရန်ကုန်တိုင်းဒေသကြီးမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ သုံးထောင်ကျော်ရှိခဲ့ပြီး သေဆုံးသူဦးရေ(၂၀)အထက်ရှိခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရပါတယ်။ 


 

Related News