လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးကို ရွှေသင်္ကန်း ရွှေအလေးချိန်စုစုပေါင်း(၃၄၈)ပိဿာ ကပ်လှူပူဇော်ခဲ့ပြီး  လုံးတော်ပြည့်ရွှေစင်၊ ရွှေပြားသင်္ကန်းတော် ကပ်လှူပူဇော်မှု မဟာကုသိုလ်တော်အောင်ပွဲအခမ်းအနားကို ဇွန်လ(၁၇)ရက်က ရွှေတိဂုံစေတီတော်ရင်ပြင် အောင်မြေ ချမ်းသာကြီးတန်ဆောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေစင်ရွှေပြားသင်္ကန်းတော် ကပ်လှူပူဇော်မှု မဟာကုသိုလ်တော် အောင်ပွဲအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးကြည်မင်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။ ရွှေတိဂုံစေတီတော်အတွက် ရွှေသင်္ကန်းကပ်လှူပူဇော်မှုကို (၂၀၁၈)ခုနှစ် စက်တင်ဘာလက စတင်ကပ်လှူခဲ့တာဖြစ်ပြီး (၂၀၁၉) ဧပြီလမှာ ရွှေသင်္ကန်းအပြီးသတ် ကပ်လှူပူဇော်နိုင်ခဲ့တာလို့ သိရပါတယ်။ ရွှေသင်္ကန်းကပ်လှူပူဇော်မှုကို ယခင်နှစ်တွေက ငါးနှစ်တစ်ကြိမ် ကပ်လှူပူဇော်ပေမယ့် ဒီနှစ်မှာတော့ လေးနှစ်ပြည့်မြောက်ချိန်မှာ ကပ်လှူခဲ့တာလို့ သိရပါတယ်။

ကပ်လှူရွှေစုစုပေါင်းအလေးချိန်ဟာ (၃၄၈)ပိဿာ ရှိပြီး ရွှေစင်ရွှေပြားစုစုပေါင်း (၂)သောင်း(၂)ထောင်တစ်ရာခြောက်ဆယ့် ခုနှစ်ချပ် ကပ်လှူပူဇော်နိုင်ခဲ့တယ်လို့သိရပါတယ်။မျက်ပါးရွှေအနေနဲ့ တစ်သောင်းရှစ်ထောင့်သုံးရာခုနှစ်ဆယ့်ငါးဆိုင်း ကပ်လှူ ပူဇော်ခဲ့တယ်လို့ သိရပါတယ်။ စေတီတော်ကြီးရွှေသင်္ကန်းကပ်လှူပူဇော်မှုအတွက် စုစုပေါင်းကုန်ကျစရိတ်ငွေမှာ ကျပ်သိန်းပေါင်း (၃)သိန်း(၇)သောင်းကျော်ဖြစ်တယ်လို့သိရပါတယ်။ အခမ်းအနားမှာရွှေပြားသင်္ကန်းအလှူရှင်များကိုဖိတ်ခေါ်ပြီး စတီတော်ကြီးကို အနေကဇာတင်ကာ ရေစက်ချလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ဒါ့အပြင် ရွှေသင်္ကန်းဈေးနှုန်းဟာပြင်ပရွှေဈေးနဲ့ မကိုက်ညီတာကြောင့် နောက်နှစ်အတွက်လာရောက်လှူဒါန်းမယ့် ရွှေပြားသင်္ကန်း အလှူရှင်တွေအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အရ ပြီးခဲ့တဲ့မေလ (၁)ရက်ကစပြီး ရွှေတစ် ကျပ်သားကို (၁၀)သိန်းနဲ့ အလှူငွေ ကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။

 

Related News