ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းမှာ အိုးလုပ်ငန်းတွေရှားပါးလာပြီး လုပ်ကိုင်သူ အနည်းငယ်သာ ရှိတော့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်အတွင်းမှာ ရှေးကခင်ကတည်းက အဓိကအသက်မွေး ၀မ်းကျောင်းစီးပွားရေးလုပ်ငန်း ထဲမှာ အိုးလုပ်ငန်းကလဲ တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အိုးလုပ်ငန်းဟာ ယခင်က  တွင်ကျယ်ပြီး လုပ်ကိုင်သူတွေ အများအပြား ရှိခဲ့ပြီး လုပ်ငန်းဖြစ်ထွန်းတွင်ကျယ်ခဲ့တယ်လို့လည်း သိရပါတယ်။ ယခုအချိန်မှာတော့  အိုးလုပ်ငန်းတွေနည်းပါးလာတယ်လို့ သိရပါတယ်။ တွံတေးမြို့ အိုးဖိုအနောက်ရပ်ကွက်မှာ မိသားစုအစဉ်အဆက် အိုးလုပ်ငန်းလုပ်ကိုင်သူ (၆၀)ကျော်လောက် ရှိခဲ့ပေမယ့် ယခုအချိန်မှာ လုပ်ငန်း(၇)ခုဝန်းကျင်သာ ရှိတော့တယ်လို့ သိရပါတယ်။ ဒီလိုလျော့နည်းသွားတာဟာ ဈေးကွက် မတွင် ကျယ်တော့တာရယ် အိုးလုပ်တဲ့ပညာရှင် မရှိတော့ တာရယ်ကြောင့် ဖြစ်တယ်လို့ အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်နှင်းရီက ပြောပါတယ်။ 

အိုးလုပ်ငန်းရှားပါးမှုနဲ့အတူ အိုးပညာရှင်တွေလဲ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီလို့ သိရပါတယ်။ ယခင်က အိုးလုပ်ဖို့အတွက် လယ်မြေနဲ့ တောင်မြေကို ရောစပ်ကာတစ်ညသိပ်ပြီးရလာတဲ့ မြေကို နင်းခြေပီးမှ အိုးဆွဲလို့ရတဲ့မြေကို ရရှိတာဖြစ်ပြီး ရလာတဲ့မြေကို အိုးဆရာကပုံသွင်းပြုလုပ်ရတာဖြစ်တယ်လို့ သိရပါတယ်။ အခုအခါမှာတော့ မြေကြီးရောစပ်ဖို့အတွက် လူအားသုံးစရာမလိုဘဲ စက်အားနဲ့ မြေကြီးရောစပ်ရတယ်လို့ သိရပါတယ်။ အိုးလုပ်ရာမှာ အိုးဆွဲဆရာက အိုးတစ်အိုးပြီးတိုင်း ငွေကျပ်(၆၀)၊ သူ့တပည့်က ငွေကျပ်(၄၀)ရရှိတယ်လို့ သိရပါတယ်။ အိုးဆွဲရတာဟာ အချိန်ကြာမြင့်သလို ၀င်ငွေလဲနည်း တာကြောင့် အခုနောက်ပိုင်းမှာတော့ အိုးဆွဲပညာရှင်တွေလဲ တဖြည်းဖြည်း လျော့နည်းလာပြီဖြစ်ပါတယ်။ အခုလက်ရှိအထိ အိုးလုပ်နေတဲ့ အိုးပညာရှင် ဦးစိုးနိုင်ကတော့ သူတို့က နောက်ဆုံးမျိုးဆက်ဘဲလို့ ပြောပါတယ်။

အိုးတစ်လုံးရဖို့ အိုးဖုတ်ရတဲ့အချိန်ဟာ ဆယ်ရက်နီးပါးခန့် ကြာမြင့်ပါတယ်။ ရလာတဲ့အိုးတွေကိုတော့ လှပအောင် ဆေးချယ်ရပါတယ်။ ဒါမှဝယ်ယူသူတွေရဲ့ အကြိုက်နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။  အိုးလုပ်ငန်းရဲ့ အဓိကစိန်ခေါ်မှုကတော့ မြေ၀ယ်ယူရတာခက်ခဲခြင်းနဲ့ နည်းပညာအားနည်းခြင်းတို့ဖြစ်တယ်လို့ အိုးလုပ်ငန်းရှင်တွေက ပြောပါတယ်။ အိုးတွေကိုတော့ နယ်မြို့တွေကနေ မှာယူမှုအများဆုံးဖြစ်ပြီး ရန်ကုန်ကနေ မှာယူတာကတော့ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။  သောက်ရေအိုးအိုးတစ်အိုးရဲ့ ဖောက်သည်ဈေးဟာ ငွေကျပ်(၁၃၀၀)၀န်းကျင်နဲ့ ပန်းပင်စိုက်တဲ့ အိုးတွေကတော့ ငွေကျပ် (၁၀၀၀)၀န်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။


 

Related News