မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာရှိ အခန်းများကို အရပ်ဘက်နိုင်ငံ့ဝန်ထမ်းများနဲ့ အငြိမ်းစားဝန်ထမ်းတွေကို ရောင်းချပေးသွားမယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတာဝန်ရှိသူထံက သိရပါတယ်။ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်ရှိ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောက်လုပ်ပြီးစီးတဲ့ မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ RC (၄) ခန်းတွဲ ၆ ထပ် အဆောက်အအုံ(၁၉) လုံး၊ အခန်းပေါင်း(၄၅၆)ခန်းနဲ့ ယခင်ရောင်းချခဲ့တဲ့ တိုက်ခန်းတွေထဲက ပြန်လည်အပ်နှံတဲ့အခန်းတွေ၊ တိုက်ခန်းပိုင်ရှင်တွေမဆက်သွယ်တဲ့ အခန်းတွေကို ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒီလိုရောင်းချရာမှာ မန္တလေးမြို့ရှိ မြို့နယ် (၆) မြို့နယ်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေကို မဲနှိုက်ရောင်းချပေးသွားမှာဖြစ်ပြီး လက်ငင်းငွေသွင်းပြီး ဝယ်ယူနိုင်သလို အရစ်ကျဘဏ်ချေးငွေနဲ့လည်း ဝယ်ယူနိုင်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောပါတယ်။

မြရည်နန္ဒာတန်ဖိုးမျှတအိမ်ရာ ဝယ်ယူလိုသူတွေအတွက် အိမ်ခန်းလျှောက်လွှာတွေကို ဇွန်လ(၁၇) ရက်မှ (၃၀)ရက်အထိ လျှောက်လွှာ(၁)စောင်ကို ငွေကျပ်(၅၀၀)နှုန်းဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးမှာ ရောင်းချနေ တယ်လို့ သိရပါတယ်။တိုက်ခန်းရောင်းချရာမှာ ဈေးနှုန်းအနေနဲ့ တိုက်ခန်း(၁)ခန်းကို ကုန်သွယ်လုပ်ငန်းခွန်(၃)ရာခိုင်နှုန်းပါဝင်ပြီး မြေညီထပ်ကို ငွေကျပ် (၂၆၄)သိန်းဝန်းကျင်၊ ပထမထပ်ကို ငွေကျပ်(၂၄၇)သိန်းဝန်းကျင်၊ ဒုတိယထပ်က ငွေကျပ်(၂၂၆)သိန်းဝန်းကျင်၊ တတိယထပ်ကတော့ ငွေကျပ်(၂၁၆)သိန်းဝန်းကျင်၊ စတုတ္ထထပ် ကျပ်(၂၀၆)သိန်းနဲ့ ပဉ္စမထပ် ကျပ်(၁၉၅)သိန်းဝန်းကျင် စတဲ့ ဈေးနှုန်းထားများဖြင့် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။


 

Related News