E government စနစ်ကို ရှေ့ပြေးအနေနဲ့ စတင်အကောင်အထည်ဖော်နေတဲ့ ရန်ကုန်မှာ Hotel Guest List System တစ်ခုတည်းနဲ့တင် စာရွက်စာတမ်းဖိုး သန်း(၄၀၀၀) ၀န်းကျင် လောက်သက်သာခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောပါတယ်။ Hotel Guest List System ဆိုတာ ရန်ကုန်မှာရှိတဲ့ တည်းခိုခန်း၊ ဟိုတယ်၊ မိုတယ်တွေက ဧည့်သည်တွေစာရင်းကို နည်းပညာ အသုံးပြုပြီး ပေးပို့ရတာဖြစ်ကာ နေ့စဉ် ည(၁၁:၄၅)မိနစ်ဆိုရင် တိုင်းအစိုးရက အကုန်သိနေပြီဖြစ်တယ်လို့ ပြောပါတယ်။ ဒီစာရင်းတွေကို ဌာန(၉)ခုကို ပြန်လည်ပေးပို့တာဖြစ်ပြီး ဒီစနစ်ကြောင့် နှစ်ဖက်စလုံးမှာ စာရွက်ဖိုး ကျပ်သန်း(၄၀၀၀)လောက် သက်သာသွားတယ်လို့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးက ပြောပါတယ်။ E Government အတွက် ရန်ကုန်ရဲ့ဆာဗာ ကတော့ တိုင်းအစိုးရရုံးမှာရှိတာဖြစ်ပါတယ်။ ဒီစနစ်ကို ၂၀၁၇ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်အသုံးပြုခဲ့တာဖြစ်ပြီး တစ်နှစ်အတွင်း ပြောင်းလဲမှုကို ၀န်ကြီးက အခုလို ပြောပြခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီစနစ်ကို ကချင်၊ မန္တလေး၊ ကရင်၊ ကယားနဲ့ ရှမ်းပြည်နယ် မှာပါ အသုံးပြုနိုင်အောင် မျှဝေသွားမယ်လို့ ပြောပါတယ်။

E-Government ဆိုတာ ရန်ကုန်ရဲ့ မသိမသာ တိုးတက်နေမှုတစ်ခုဖြစ်တယ်လို့ ၀န်ကြီးက ဆိုပါတယ်။ ရန်ကုန်ဟာ အစိုးရရဲ့ E-Government အတွက် ရှေ့ပြေးအကောင်အထည်ဖော်နေတဲ့ နေရာတစ်ခုဖြစ်ပြီး ရန်ကုန်မှာလုပ်ဆောင်ပြီးတဲ့ စနစ်တွေကို မန္တလေကို လွှဲပြောင်းပေးမယ်လို့ ပြောပါတယ်။ရန်ကုန်မှာ ရေပြတ်တာ၊ မီးကြိုးပြတ်ကျနေတာ၊ အမှိုက်မသိမ်းတာ၊ ရက်နဲ့ချီအိုဟောင်းယာဉ်တွေ ရပ်ထားတာတွေကို ပြည်သူတွေက ဓာတ်ပုံရိုက်ပြီး တိုက်ရိုက်သတင်းပို့နိုင်တဲ့ စနစ်ကို ကျောက်တံတားမြို့နယ်မှာ စသုံးနေပြီဖြစ်ကာ မကြာခင် မြို့တွင်းခြောက်မြို့နယ်လုံးမှာ အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။ဒါ့အပြင် ရန်ကုန်မှာ Geographic Information Mangement System ကိုအကောင်အထည် ဖော်ထားပြီး ဖြစ်ကာ ဒီထဲမှာ ရန်ကုန်ရဲ့(၄၅) မြို့နယ်လုံးကို မြို့နယ်အလိုက် မြေပုံကို ထောက်ကာ လူဦးရေ ဘယ်လောက်ရှိတယ်၊ ဘယ်လိုနေရာတွေရှိတယ်၊ ဘယ်လိုစီးပွားရေးတွေရှိသလဲဆိုတာ ကြည့်ရှုနိုင်ပြီလို့ ကရင်တိုင်းရင်း သားလူမျိုးရေးရာ ၀န်ကြီးက ပြောပါတယ်။E-Government နဲ့ ပတ်သက်ရင် ရန်ကုန်မှာ tender.yangon.gov.mm ဆိုတဲ့ Tender Database တစ်ခုရှိနေပြီဖြစ်ကာ တစ်နိုင်ငံလုံးမှာ နှစ်စဉ်ခေါ်ယူနေတဲ့ တင်ဒါ(၂၀၀၀) ကျော်ကို ဖော်ပြထားတာဖြစ်ပါတယ်။ ရန်ကုန်ကို ရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ဝင်နေလဲ၊  ဘယ်ကဏ္ဍ၊ဘယ်က၀င်နေလဲ ဆိုတာပါသိနိုင်မယ့် Yangon Investment Website လည်း ရှိနေပြီဖြစ်ပါတယ်။  

 

Related News