မြန်မာ့ရိုးရာတူရိယာပစ္စည်းတွေဖြစ်တဲ့ ဆိုင်းဝိုင်းတူရိယာများ၊ ပတ္တလား၊ စောင်း၊ နှဲ စတဲ့တူရိယာတွေဟာ မိုးရာသီကာလမှာ ပွဲလမ်းသဘင်တွေနည်းပါးတာကြောင့် ရောင်းအားကျနေတယ်လို့ သိရပါတယ်။ မြန်မာ့ရိုးရာတူရီယာတွေများစွာပါဝင်တဲ့ ဆိုင်းဝိုင်းကတော့ ယနေ့အချိန်ထိ အလှူတွေနဲ့ ပွဲလမ်းသဘင်အခမ်းအနားတွေမှာ ဖျော်ဖြေအသုံးပြုနေကြတုန်းဖြစ်ပါတယ်။ ဆိုင်းဝိုင်းတစ်ခုမှာ ကြေးဝိုင်း၊ မောင်းဆိုင်း၊ ဒိုးချောင်(ခြောက်လုံးပတ်)၊ အုပ်စုံချောင် (စည်တိုလင်းကွင်း)၊ စည်းနဲ့ဝါး၊ နှဲတို့ပဲ ဖြစ်ပါတယ်။ ဦးကျော်ရင်-ဒေါ်သန်းစိန်မြန်မာ့တူရိယာဆိုင်ကတော့ မြန်မာ့ရိုးရာတူရိယာ ပစ္စည်းတွေကို လက်လီလက်ကား ရောင်းချလာတာ နှစ်ပေါင်းငါးဆယ်ကျော်သက်တမ်းရှိနေပြီး ဆိုင်းဝိုင်းတူရိယာတွေကို အဓိကရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။ လက်ရှိမိုးတွင်းကာလကို ရောက်ချိန်မှာတော့ လက်ကားရောင်းချမှုက ရောင်းအားကျ နေတယ်လို့ ဦးကျော်ရင်-ဒေါ်သန်းစိန်မြန်မာ့တူရိယာဆိုင်က မသီတာက ပြောပါတယ်။ 

မြန်မာ့ရိုးရာတူရိယာပစ္စည်းတွေဖြစ်တဲ့ ဆိုင်းဝိုင်းအသုံးအဆောင် တူရိယာများ၊ ပတ္တလား၊ စောင်း၊ နှဲ စတဲ့တူရိယာတွေကို လက်လီရောင်းချပေးတာကိုလည်း ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်စောင်းတန်းမှာ ရောင်းချနေပေမဲ့ စိတ်ဝင်တစားနဲ့ လာရောက် မေးမြန်းတာတွေပဲ ရှိနေတယ်လို့ သိရပါတယ်။ ဆိုင်းဝိုင်း တစ်ဝိုင်းစာကို ငွေကျပ်သိန်းတစ်ရာနီးပါး ကုန်ကျတာကြောင့် လိုအပ်တဲ့ တူရိယာတွေပဲ ဝယ်ယူနိုင်အောင် အခုလို လက်လီရောင်းချပေးတာဖြစ်ပါတယ်။ ဆိုင်းဝိုင်းမှာ အသုံးပြုတဲ့ ဗုံတွေကိုတော့ ငွေကျပ် သုံးသောင်းကနေ ခြောက်သောင်းဝန်းကျင်အထိရှိတယ်လို့ ဦးကျော်ရင်-ဒေါ်သန်းစိန်မြန်မာ့တူရိယာဆိုင်မှ မခင်ပပစိုးက ပြောပါတယ်။ 

ဆိုင်းဝိုင်းတစ်ခုမှာတော့ ဗုံအကြီး အသေးအဆင့်ဆင့်(၁၉)လုံး၊ ကြေးဝိုင်းမှာ ကြေးဝိုင်း(၁၈)လုံး၊ မောင်း(၁၇)လုံး၊ ခြောက်လုံးပတ် မှာ ဗုံကြီး(၂)လုံး နဲ့ မကြီးမသေးဗုံ(၄)လုံး ပါပါတယ်။ ဆိုင်းဝိုင်းတူရိယာ အများစုကတော့ မန္တလေးတိုင်းဒေသကြီးမှာ ထုတ်လုပ်တာ များပြီး ပစ္စည်းမှာယူတာတွေကလည်း ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ၊ ပဲခူးတိုင်းတို့က မှာယူတာများတယ်လို့ ဦးကျော်ရင်-ဒေါ်သန်းစိန်မြန်မာ့တူရိယာဆိုင်က မသီတာက ပြောပါတယ်။ မြန်မာ့ရိုးရာတူရိယာပစ္စည်းတွေဖြစ်တဲ့ ဆိုင်းဝိုင်းအသုံးအဆောင် တူရိယာများ၊ ပတ္တလား၊ စောင်း၊ နှဲ စတဲ့တူရိယာတွေဟာ မိုးရာသီကာလအပြီး သီတင်းကျွတ်၊ တန်ဆောင်တိုင် ပွဲတော်ကာလတွေနဲ့ တပေါင်းတန်ခူးကာလတွေမှာလည်း ရောင်းအားပြန်လည်တက်လာတယ်လို့ သိရပါတယ်။ 

 

 

Related News