(၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဖြစ် ပြည်နယ်နဲ့ တိုင်းဒေသကြီးရဲတပ်ဖွဲ့(၉)ခုက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးကားဝင်းအနီး ကုန်တင်ယာဉ်ရပ်နားကွင်းမှာ ဒီကနေ့ ဇွန်လ (၂၆)ရက် မနက်က မီးရှို့ဖျက်ဆီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးဟာ မြန်မာကျပ်ငွေ (၁၆၂)ဘီလီယံကျော် တန်ဖိုးရှိတယ်လို့ သိရပါတယ်။ဒီကနေ့ ဇွန်လ(၂၆)ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်တွင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေကို ရန်ကုန်၊မန္တလေးနဲ့ တောင်ကြီးစတဲ့ မြို့(၃)မြို့ခွဲကာ မီးရှို့ ဖျက်ဆီးပွဲ အခမ်းအနားတွေကျင်းပနေတာဖြစ်ပါတယ်။

ရန်ကုန်မြို့မှာ ကျင်းပတဲ့ မီးရှို့ဖျက်ဆီးပွဲမှာတော့   ရန်ကုန်တိုင်းဒေသကြီးအပါအ၀င် တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့နဲ့အမြန်လမ်းမကြီးရဲတပ်ဖွဲ့စတဲ့ ရဲတပ်ဖွဲ့(၉)ခုကနေ တစ်နှစ်တာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်းဆေးဝါးတွေပဲဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးဝါးတွေရဲ့တန်ဖိုးဟာ မြန်မာကျပ်ငွေ (၁၆၂)ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ(၁၀၈)သန်းကျော် တန်ဖိုးရှိတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကထက် ကျပ်ငွေ ဘီလီယံ(၆၀) ကျော် ပိုမိုများပြားခဲ့တယ်လို့သိရပါတယ်။ မီးရှို့ဖျက်ဆီးတာနဲ့ ပတ်သက်လို့ ရန်ကုန်တိုင်းဒေသကြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချူပ် မျိုးမင်းထိုက်က ရှင်းလင်းပြောကြားခဲ့ပါတယ်။

ဒီနေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချူပ်ဦးလှအေးနဲ့ အစိုးအဖွဲ့ဝင်ဝန်ကြီးတွေ၊ ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊  အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာအကြီးအကဲတွေ၊ UNODC က ကိုယ်စားလှယ်တွေ၊ သံရုံးတွေက ကိုယ်စားလှယ်တွေ၊ NGO အဖွဲ့အစည်းတွေစတဲ့ သက်ဆိုင်ရာအဖွဲ့အစည်း တွေတက်ရောက်ခဲ့ကြပါတယ်။ အခုမီးရှို့တဲ့ မူးယစ်ဆေးဝါးတွေက သက်ဆိုင်ရာတရားရုံးတွေကနေ အမှုပြီးပြတ်ချက်ရရှိပြီးတဲ့ မူးယစ်ဆေးဝါးတွေဖြစ်ပြီး  အမှုပေါင်း(၄၀၀၀)နီးပါးရှိခဲ့တယ်လို့သိရပါတယ်။အခုမီးရှို့တဲ့ မူးယစ်ဆေးဝါးတွေက အမျိုးအစား(၂၂)မျိုးရှိပြီး  ဘိန်းဖြူ(၁.၇၅)ကီလို၊ ဘိန်း(၀.၀၈၅)ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား(၄၁)သန်းကျော်၊ ဆေးခြောက် (၈၃)ကီလိုကျော်၊ စိတ်ကြွ အကျိုးအကြေ (၃)ကီလိုကျော်၊ အိုက်(စ်) (၁၉၀၀) ကီလိုကျော်၊ ဘိန်းဆီခဲ (၀.၀၉) ကီလိုကျော်၊ အက်တဆီ(၂၀၃)ပြား၊ အက်တဆီ အကျိုးအကြေ (၀.၀၀၁၅၅)ကီလို၊ ဒိုင်ရာဆီပင်အရည် (၀.၀၀၄)လီတာ၊ ဒိုင်ရာဆီပင်ပြား(၁၀)ပြား၊ ထရာမဒေါလ်ဆေးတောင့် အတောင့်ရေ(၁၃၀၀၀၀)ကျော်၊ ထရာမဒေါလ်ထိုးဆေး ပုလင်း(၂၀၀၀)နီးပါး၊ အယ်ပရာဇိုလမ်ဆေးပြား(၆၀၀၀)ကျော်၊ ဘိန်းစာမှုန့်ကီလို(၈၀၀)ကျော်၊ ဘိန်းစာရွက် (၁၀)ကီလိုကျော်၊ ဘိန်းစာပင်ခြောက်(၁)ပင်၊ ဘိန်းစာရည်(၀.၄၉)လီတာ၊ ဟိုက်ဒရိုကလိုရစ်အက်ဆစ် (၂၇၈၈)လီတာ၊ ကက်တမင်းက ကီလို(၁၁၀)ကျော်၊ ကက်တမင်းအရည်(၁.၃၉)လီတာ၊ မက်သဒုံး(၀.၀၀၄)လီတာတို့ ဖြစ်ပါတယ်။

 

 

Related News