ယူနက်စကိုကနေ ပျူမြို့ပြဟောင်းတွေဖြစ်တဲ့ သရေခေတ္တရာ၊ ဗိဿနိုးနဲ့ ဟန်လင်းဒေသတွေကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် အသိအမှတ်ပြုခဲ့တာဆိုရင် ဇွန်လ ၂၂ ရက်မှာ (၅) နှစ်ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရဲ့ ကနဦးအစဖြစ်တဲ့ ပျူမြို့ဟောင်း သရေခေတ္တရာမှာတော့ အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းတွေ ဒီထက် လိုအပ်လျက်ရှိနေတယ်လို့ သရေခေတ္တရာဌာနစု၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သိရပါတယ်။ ပျူမြို့ပြဟောင်းတွေထဲမှာ သရေခေတ္တရာမြို့ဟောင်းက ရှေးဟောင်းအဆောက်အဦတွေ ကြွင်းကျန်ရစ်ပြီး ယခုအချိန်ထိ လူနေထိုင်ဆဲဖြစ်တဲ့ အကြီးဆုံးမြို့ပြတစ်ခုဖြစ်ပါတယ်။ သရေခေတ္တရာမှာ ဘာသာရေးဆိုင်ရာ အဆောက်အဦတွေနဲ့ အခြေခံအဆောက်အဦတွေကို တူးဖော်တွေ့ရှိထားပြီး ကွင်းဆင်းသုတေသနလုပ်ငန်းတွေ၊ တူးဖော်မှုလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။ ကျုံး၊ မြို့ရိုး၊ စေတီ၊ ဂူ၊ ဘုရား၊ သင်္ချိုင်း၊ မြို့ဝင်ပေါက်တွေ တည်ရှိနေဆဲဖြစ်တဲ့ သရေခေတ္တရာမှာ ဘောဘောကြီး၊ ဘုရားကြီး၊ ဘုရားမာစတဲ့ စေတီတွေက လူသိများထင်ရှားပြီး ပြည်တွင်းခရီးသွားနဲ့ ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်လည်ပတ်မှုများပါတယ်။ ယခုအချိန်မှာတော့ သရေခေတ္တရာဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခံနေရပြီး အမွေအနှစ်ဒေသအဖြစ် အသိအမှတ်ပြုခံရတာ (၅) နှစ်ပြည့်မြောက်သွားပြီဖြစ်ပါတယ်။

ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသအဖြစ် အသိအမှတ်ပြုခံရဖို့ ယူနက်စကိုအဖွဲ့ကို ကြိုးစားတင်ပြခဲ့ရပြီး အသိအမှတ်ပြုခံရပြီးတဲ့ အချိန်မှာလည်း ဒီဒေသက အမွေအနှစ်တွေ မပျက်စီးဖို့ ကြပ်မတ်ထိန်းသိမ်းရတဲ့ တာဝန်ဟာ ကြီးလေးတယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။ ယူနက်စကိုက ချမှတ်ပေးလိုက်တဲ့ စည်းကမ်းတွေအတိုင်း မထိန်းသိမ်းနိုင်ရင် ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ဒေသအဖြစ်ကနေ ပြန်လည် ရုပ်သိမ်းခံရနိုင်တာကြောင့် ကြိုးစားထိန်းသိမ်းနေရတယ်လို့ သိရပါတယ်။ ဒီဒေသကို အမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်ပြီးတည်းက လူနေထိုင်မှုတွေ မရှိဖို့ သတ်မှတ်ထားပေမယ့် သတ်မှတ်ခံရပြီး ၂၀၁၄ ကတည်းကနေ ယခုအချိန်ထိ ဒီဒေသမှာ ကျူးကျော်နေထိုင်တဲ့ အိမ်ခြေ ၂၃၀ ကျော်နေပြီလို့ သရေခေတ္တရာ ဌာနစုမှ လက်ထောက်ညွှန်ကြားရေးမှူးက ဆိုပါတယ်။ ဒီဒေသတွေမှာ လူနေထူထပ်လာရင် အမှိုက်စွန့်ပစ်မှုများတာ၊ သတ်မှတ်စည်းကမ်း အတိုင်း အဆောက်အဦ မဆောက်တာတွေကြောင့် မြေသားပျက်စီးတာ၊ မတူးဖော်ရသေးတဲ့ အမွေအနှစ်တွေ ပျက်စီးတာတွေ ကြုံတွေ့လာနိုင်တယ်လို့ ပြောပြပါတယ်။

သရေခေတ္တရာ မြို့ဟောင်းမှာ နေထိုင်ခဲ့တာ နှစ် ၇၀ ကျော်ပြီဖြစ်တဲ့ ဦးသောင်းရွှေကတော့ အာဆီယံမှာ ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဒေသအဖြစ် ပထမဆုံးအသိအမှတ်ပြုခံရတဲ့ သူ့ဒေသအတွက် ဂုဏ်ယူလျက်ရှိပြီး မြို့ခံအနေနဲ့ အမွေအနှစ်တွေကို ပါဝင်ထိန်းသိမ်းဖို့ စိတ်အားထက်သန်မှုရှိပါတယ်။  ယခုအချိန်ထိ ရှေးဟောင်းအမွေအနှစ်တွေ တည်ရှိဆဲဖြစ်တဲ့ သရေခေတ္တရာကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဒေသအဖြစ် ဆက်လက်တည်မြဲနေဖို့ တိုင်းဒေသကြီးအစိုးရ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မြို့ခံတွေ၊ ဒေသခံတွေက ဝိုင်းဝန်းဆောင်ရွက်ကြမယ်လို့ သိရပါတယ်။ ဒီဒေသကနယ်ခံတွေဟာ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းဖို့ အခြားအရပ်ဒေသတွေက လူတွေထက် စည်းမျဉ်း စည်းကမ်း၊ သတ်မှတ်ချက်တွေနဲ့ နေထိုင်ရသူတွေဖြစ်ပါတယ်။

 

 

Related News