မိုးတွင်းကာလဖြစ်လို့ ဆန်အရောင်းအ၀ယ်အေးနေသလို ဈေးလဲငြိမ်နေတယ်လို့ ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင်(၀ါးတန်း)က သိရပါတယ်။ လက်ရှိအချိန်ဟာ မိုးရာသီဖြစ်တာကြောင့် ဆန်တွေက အထားမခံဘဲ အရောင်းအ၀ယ်အေးနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကျောင်းဖွင့်ရာသီဖြစ်လို့ လက်လီဝယ်ယူမှုကလည်း နည်းနေတယ်လို့သိရပါတယ်။ ဒီလိုအရောင်းအ၀ယ် နည်းနေတာကြောင့် ဈေးမတက်ဘဲဈေးတည်ငြိမ်နေတာလို့ဆိုပါတယ်။ လက်ရှိ ဇူလိုင်လ(၁၀)ရက် ဆန်ကုန်စည်ဒိုင်(၀ါးတန်း)ဆန်ဈေးနှုန်းတွေမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ငွေကျပ် (၅)သောင်းမှ (၅)သောင်း(၆)ထောင်၊ မြောင်းမြပေါ်ဆန်းဆန်တစ်အိတ်ကို ငွေကျပ် (၄)သောင်း(၄)ထောင်မှ (၄)သောင်း(၇)ထောင်၊ ဒေးဒရဲ ကျားပျံပေါ်ဆန်း ဆန်တစ်အိတ်ကိုငွေကျပ် (၄၃၀၀၀)မှ (၄၆၀၀၀)၊ ဘိုကလေးပေါ်ဆန်း ဆန်တစ်အိတ်ကို ငွေကျပ်လေးသောင်းဝန်းကျင် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။

ဆန်ကြမ်းတွေအနေနဲ့ ရွှေဘို၊ပြည်၊မကွေး၊မင်းဘူး ဆန်ကြမ်းတွေပေါ်နေပြီဖြစ်ပြီး မူဆယ်မှတစ်ဆင့် တရုတ်ပြည်ဘက်ကို မတင်ပို့ရတာကြောင့် ရန်ကုန်ကို ၀င်ရောက်လာတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆန်ကြမ်းအ၀င်များလို့ ဆန်ကြမ်းဈေးကလည်း အေးနေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဆန်ကြမ်းတွေဖြစ်တဲ့ ရက် (၉၀)ဆန်တစ်အိတ်ကို ငွေကျပ်(၂၁၀၀၀)မှ (၂၅၀၀၀)၊ နွေသီးထပ် ဆန်တစ်အိတ်ကိုငွေကျပ် (၂၀၀၀၀)မှ (၂၂၀၀၀)ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။
လက်ရှိဆန်ဈေးကွက်အနေနဲ့ ဇူလိုင်လကုန်ထိ အရောင်းအ၀ယ်အေးနိုင်ပြီး သြဂုတ်လမှာတော့ အရောင်းအ၀ယ် ပြန်ကောင်းလာ နိုင်တယ်လို့ ၀ါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။


 

Related News