The Yangon Gallery က ဦးစီးပြီး မုတ်သုံရာသီအွန်လိုင်း ပန်းချီအရောင်းပြပွဲပြုလုပ်သွားမယ်လို့ ဇူလိုင်လ(၁၀)ရက်က The Yangon Gallery မှာ ပြုလုပ်ခဲ့တဲ့ Monsoon Special Online Art Sale သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ ပြပွဲကို (၂၀၁၉)ခုနှစ် မုတ်သုံရာသီဖြစ်တဲ့ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ (၃)လမှာ ပန်းချီချစ်သူများ၊ ၀ါသနာရှင်များ၊ ၀ယ်ယူစူဆောင်းလိုသူများထံကို The Yangon Gallery Facebook Page မှ တစ်ဆင့် လွယ်ကူစွာရွေးချယ်ဝယ်ယူနိုင်ရန်၊ ပန်းချီဆရာများရဲ့ ပန်းချီကားအသစ်များကို ပန်းချီချစ်မြတ်နိုးသူများအား မြန်ဆန်စွာပြသနိုင်ရန်၊ သင့်တင့်မျှတတဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးခြင်းဖြင့် ပန်းချီကား ၀ယ်ယူလိုသူ အနုပညာချစ်တဲ့ လူကြီး၊လူငယ် ပရိသတ်များ ပိုမိုများပြားလာစေရန် ရည်ရွယ်ပြုလုပ်တာလို့ သိရပါတယ်။

ပန်းချီဆရာတစ်ဦးရဲ့ ပန်းချီကားကို (၃)ရက်ပြသသွားမှာဖြစ်ပြီး ရက်ပေါင်း (၉၀)ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ  အွန်လိုင်း ပန်းချီအရောင်းပြပွဲမှာ  လက်ရှိ နာမည်ကြီးနေတဲ့ ပန်းချီဆရာတွေ အပြင် လူသိနည်းနေသေးတဲ့ ပန်းချီဆရာတွေလည်းပါဝင်ပြသရောင်းချသွားမှာ ဖြစ်ပြီး ပန်းချီဆရာ (၃၁)ဦး ပါဝင်ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။အွန်လိုင်းမှပြသရောင်းချသွားမယ့်  မုတ်သုံရာသီပန်းချီအရောင်းပြပွဲကို ယခု ဇူလိုင်လတတိယအပတ်မှစတင်ပြီး The Yangon Gallery Facebook Page ကနေ ပြသရောင်းချသွားမယ်လို့ သိရပါတယ်။ အခုပြုလုပ်မယ့် အွန်လိုင်းပန်းချီအရောင်းပြပွဲက ဒုတိယအကြိမ်မြောက်ပြုလုပ်တာဖြစ်ပြီး အရင်နှစ်က ပြုလုပ်တုန်းက ရောင်းအား (၇၀)ရာခိုင်နှုန်း ရရှိခဲ့တယ်လို့ သိရပါတယ်။ 

 

Related News