စမ်းချောင်းမြို့နယ် အောင်သပြေလမ်းမှာ ဖွင့်လှစ်ထားတဲ့ ထင်ပေါ်စာပေဟာ စာအုပ်ဆိုင်ဖွင့်လှစ်တဲ့ သက်တမ်း(၁၅)နှစ်ရှိနေပြီ ဖြစ်ပြီး စာအုပ်တွေကို တစ်ပတ်ငှားပါက တစ်ရက်စာသာ ပေးရတယ်လို့ သိရပါတယ်။ နှစ်ပေါင်းများစွာသက်တမ်းရှိနေတဲ့ ထင်ပေါ်စာပေမှာ စာအုပ်ပေါင်း(၂၀၀၀၀)နီးပါးအထိ ရှိနေပါတယ်။ ဒီစာအုပ်အငှားဆိုင်ကို တည်ထောင်သူ ဒေါ်စန္ဒာဝင်းအနေနဲ့ နေအိမ်မှာစာအုပ်တွေကို ၀ယ်ယူဖတ်ရှုရင်းနဲ့ စုဆောင်းဖြစ်ခဲ့တာဖြစ်ပြီး ကြာလာတဲ့အခါမှာ စာအုပ်အများအပြားကို စုဆောင်းဖြစ်လာခဲ့ရင်းနဲ့ စာအုပ်တွေကို ကိုယ်တိုင်က ဖတ်ရှုချင်သလို စာအုပ်ချစ်မြတ်နိုးသူအများပြည်သူ လည်း ဖတ်ရှုနိုင်အောင် ဒီစာအုပ်အငှားဆိုင်လေးကို စတင်တည်ထောင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်မြို့မှာ စာအုပ်အငှား ဆိုင်ဆိုတာ မရှိသလောက် နည်းပါးနေတဲ့အခြေအနေမှာ ငွေကြေးအရ အကျိုးအမြတ်နည်းပါးတဲ့ စာအုပ်အငှားဆိုင်ကိုဖွင့်လှစ်ဖြစ် ခဲ့ပြီး စာဖတ်တဲ့သူ များပြားလာစေချင်တဲ့ အဓိကရည်ရွယ်ချက်ကြောင့် ဒီစာအုပ်အငှားဆိုင်ကို ဖွင့်လှစ်ဖြစ်ခဲ့တယ်လို့ ထင်ပေါ်စာပေ တည်ထောင်သူ ဒေါ်စန္ဒာဝင်းက ပြောပါတယ်။

ထင်ပေါ်စာပေကို စတင်တည်ထောင်စဉ်က စာဖတ်တဲ့သူများပြားခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ နည်းပညာတွေတိုးတက် လာသလို ဂိမ်းဆိုင်တွေပေါများလာလို့ စာဖတ်သူ လျော့ကျသွားတယ်လို့ သိရပါတယ်။ ဒါပေမယ့် ပုံမှန်ဖတ်ရှုသူတွေရှိတာကြောင့် ဆက်လက် ရပ်တည်နေရတယ်လို့ သိရပါတယ်။ စာအုပ်ငှားလို့ရရှိလာတဲ့ ငွေကြေးတွေကို စာအုပ်တွေပြန်လည်ဝယ်ယူရင်း လည်ပတ်နေပါတယ်။ ဒီစာအုပ်ဆိုင်မှာ ကလေးစာအုပ်များ၊ ဘာသာပြန်ဝတ္တုများ၊ နာမည်ကြီးစာရေးဆရာမတွေဖြစ်တဲ့ ဂျူး၊ မိုးမိုးအင်းလျား၊ ခင်နှင်းယုအပြင် မြသန်းတင့်၊ ပါရဂူ စတဲ့ နာမည်ကြီးစာရေးဆရာတွေရဲ့ တန်ဖိုးရှိလှတဲ့ စာအုပ်တွေကို ငှားရမ်း ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံရေးစာပေများ၊ ဘာသာရေးစာအုပ်တွေကိုလည်း ငှားရမ်းနိုင်ပြီး အခုလို စုံလင်စွာငှားရမ်းနိုင် တဲ့အတွက် စာဖတ်သူတွေအတွက် အများကြီးအကျိုးရှိတယ်လို့ စာအုပ်လာရောက်ငှားရမ်းသူ ကိုဝင်းမင်းထွန်းနဲ့မနှင်းအိလှိုင်တို့က အခုလိုပြောပါတယ်။


ထင်ပေါ်စာပေမှာ ရန်ကုန်မြို့တွင်း နေရာစုံနဲ့ နယ်ဒေသတွေက စာအုပ်လာရောက်ငှားရမ်းမှုတွေရှိပြီး  အွန်လိုင်းကလည်း ငှားရမ်းမှုတွေ ရှိနေပါတယ်။ ဒါ့အပြင် နိုင်ငံရပ်ခြားက ငှားရမ်းမှုတွေလည်းရှိနေပြီး အခုဆိုရင် ပရဟိတအဖွဲ့အစည်းတွေက လာရောက် ဆက်သွယ်မှု တွေ ရှိနေပါတယ်။ အဲဒီအထဲကမှ youths should read more ဆိုတဲ့ ပရဟိတအဖွဲ့က စာအုပ်ငှားရမ်း လိုသူတွေကို အခမဲ့ငှားရမ်းနိုင်တဲ့ အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ထားတယ်လို့ youths should read more မှတာဝန်ရှိသူ ကို အောင်ခန့်ဇော်က အခုလိုပြောပါတယ်။ထင်ပေါ်စာပေမှာ စာအုပ်ငှားရမ်းလိုသူတွေအနေနဲ့ ဆိုင်မှာကိုယ်တိုင်သွားရောက်ငှားရမ်းနိုင်သလို ၀၉ ၇၈၂၁၆၆၆၅၀ ကို ဆက်သွယ်ငှားရမ်းနိုင်ပါတယ်။ ဒါ့အပြင် အိမ်တိုင်ရာရောက်ငှားရမ်းပေးတဲ့ အစီအစဉ်လည်းရှိပြီး စာအုပ်ပို့ခကိုတော့ ငှားရမ်းသူက ကျခံရမှာဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ငှားရမ်းရာမှာ စပေါ်ငွေအဖြစ် စာအုပ်တန်ဖိုးအလိုက်ပေးရမှာဖြစ်ပြီး စာအုပ်တစ်အုပ် ငှားရမ်းခအဖြစ် စာအုပ်တန်ဖိုးရဲ့ (၁၀)ရာခိုင်နှုန်းကျသင့်မှာဖြစ်ပါတယ်။

 

 

Related News