မြန်မာပြည်အထက်ပိုင်းကထွက်ရှိတဲ့ ဆန်အချို့ကို ရန်ကုန်ကိုတင်ပို့နေတာ (၁)လဝန်းကျင်ရှိပြီလို့ မန္တလေးဆန်ကုန်စည်ဒိုင်အသင်း တာဝန်ရှိသူ ထံကသိရပါတယ်။လတ်တလောမန္တလေးဆန်ဈေးကွက်မှာ တရုတ်ဈေးကွက်အေးတာကြောင့် အထက်ပိုင်းကထွက်ရှိတဲ့ ဆန်အချို့ရန်ကုန်ဘက်ကို တင်ပို့နေရတယ်လို့သိရပါတယ်။စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်ဘက်ကထွက်နေတဲ့ ၇၄၇၊ BGနဲ့ ၇၂ဆန်အမျိုးအစားတွေကို ရန်ကုန်ကိုတင်ပို့ပြီး အရောင်းအဝယ်လုပ်နေရတာပါ။ရန်ကုန်ကနေ ပင်လယ်ရေကြောင်းနဲ့ နိုင်ငံခြား Export ဈေးကွက်ရှိတာ ကြောင့် တင်ပို့နေတာဖြစ်ပြီး တရုတ်နယ်စပ်ကို မထွက်နိုင်တဲ့အတွက် ထွက်ပေါက်တခုအနေနဲ့ ရောင်းဝယ်နေရတာဖြစ်တယ်လို့ မန္တလေးဆန်ကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးကျော်ကျော်နိုင်က ပြောပါတယ်။လက်ရှိရန်ကုန်ကိုတင်ပို့တဲ့ဆန်တွေမှာဇူလိုင်လ(၁၀)ရက်က ရွှေဘို ၇၂ ဆန်တစ်အိတ်ကို  ငွေကျပ်(၁၈၈၀၀)ကျပ်၊ ၇၄၇နဲ့ BG ဆန် အမျိုးအစားတွေက တစ်အိတ်ကို(၁၈၅၀၀)ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်နေတာပါ။ တရုတ်ဈေးကွက်မှာတော့ စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်းကလာတဲ့ ချင်းသုံးဆန်နဲ့ အောက်ပိုင်းကလာတဲ့ ငစိန်ဆန် နှစ်မျိုးသာ တရားဝင်ပါမစ်နဲ့အရောင်းအဝယ် ဖြစ်ပြီး ကျန်တဲ့ဆန်တွေကတော့ အရောင်းအဝယ်မဖြစ်သလောက်နည်းနေတယ်လို့ သိရပါတယ်။အခုလက်ရှိ မန္တလေးမှာပြည်တွင်းစားသုံးဆန်တွေကတော့ အရောင်းအဝယ်ဖြစ်နေပြီး ရွှေဘိုခရိုင်ဘက်က ဧရာမင်းဆန်နဲ့ ရွှေဘိုဘေးကြားဆန်တွေက ယခုတစ်ပတ်အတွင်း တစ်အိတ်ကို ငွေကျပ်၂ထောင်ဝန်းကျင်ဈေးတက်လာတယ်လို့သိရပါတယ်။

 

 

Related News