မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေပြေလည်အောင် ကျော်လွှားနိုင်ကြဖို့ KNU ထံ အစိုးရက တိုက်တွန်းခဲ့ပါတယ်။ဇူလိုင်လ(၉)ရက်က ရန်ကုန်မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ KNU တို့ အလွတ်သဘောတွေ့ဆုံမှုအတွင်း လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေအတွက် ဖြေရှင်းဖို့နည်းလမ်းတွေကို အစိုးရဘက်က အဆိုပြုခဲ့တာ ဖြစ်ပါတယ်။ ရပ်တန့်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ပုံမှန်ပြန်လည်စတင်နိုင်ဖို့ဖြစ်တယ်လို့ နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။ လက်ရှိကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အစိုးရအနေနဲ့ နားလည်လက်ခံသလို တရားဝင် အစည်းအဝေးတွေ ပြန်လည်စတင်နိုင်ဖို့ နှစ်ဖက်လုံးမှာ တာဝန်ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။ တစ်ဆို့မှုတွေအတွက် နှစ်ဖက်ထပ်ပြီးဆွေးနွေးဖို့ လာမယ့်သြဂုတ်လအတွင်းမှာ အစိုးရနဲ့ KNU နောက်တစ်ကြိမ် ထပ်တွေ့မှာဖြစ်ပါတယ်။

NCA ထိုးထားတဲ့ KNU အနေနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလကစပြီး တရားဝင်နိုင်ငံရေးဆွေးနွေးပွဲတွေမှာပါဝင်မှု ယာယီရပ်ဆိုင်းထား တာဖြစ်ပြီး RCSS ကလည်း JMC မှာ ပါဝင်မှုယာယီရပ်ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ အောက်တိုဘာ(၁၅)ရက်နောက်ပိုင်းကစပြီး တရားဝင်ဆွေးနွေးပွဲတွေမပြုလုပ်နိုင်တော့သလို ၂၁ရာစုပင်လုံအစည်းအဝေး မကျင်းပနိုင်တာလည်း တစ်နှစ်ဝန်းကျင်ရှိနေပြီ ဖြစ်ပါတယ်။ အခု KNU နဲ့ တွေ့ဆုံမှုမှာတော့ ၂၀၂၀မတိုင်မီနဲ့ ၂၀၂၀အလွန် ဆောင်ရွက်မယ့်အစီအစဉ်တွေ၊ ထပ်ပြီး ကျင်းပမယ့် ၂၁ရာစု ပင်လုံအစည်းအဝေးတွေမှာ ဖက်ဒရယ်အခြေခံမူတွေ ရရှိအောင် ဆောင်ရွက်မယ့် ကိစ္စတွေ၊ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေအဖြစ် ဒေသခံပြည်သူတွေ လက်တွေ့ခံစားနိုင်စေဖို့ စီမံကိန်းတွေနဲ့ NCA အဓိပ္ပာယ်ဖွင့်ဆိုရေးနဲ့ပတ်သက်ပြီး အစိုးရဘက်က ထပ်မံအသိပေးခဲ့တာတွေရှိပါတယ်။

တရားဝင်အစည်းအဝေးတွေပြန်လည်စတင်နိုင်ဖို့နဲ့ KNU ပြန်လည်ပါဝင်လာဖို့ အစိုးရနဲ့ KNU အလွတ် သဘောတွေ့ဆုံ အဖြေရှာနေတာ အခုတစ်ကြိမ်နဲ့ ဆို(၈)ကြိမ်ရှိနေပြီဖြစ်ပါတယ် ။ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အခက်အခဲတွေ အဖြေရှာနိုင်ဖို့ ကျန်တဲ့ NCAထိုးပြီးအဖွဲ့တွေ၊ နိုင်ငံရေးပါတီအစုအဖွဲ့တွေနဲ့ UPDJC အတွင်းရေးမှူး အဆင့် သုံးပွင့်ဆိုင်အလွတ်သဘောတွေ့ဆုံမှုတစ်ခု ပြီးခဲ့တဲ့ဇွန်လ(၁၃)ရက်က ရန်ကုန်မှာ ပြုလုပ်ခဲ့ပေမယ့် KNU အနေနဲ့ တက်ရောက်ခဲ့ခြင်း မရှိခဲ့ပါဘူး။

 

 

Related News