နိုင်ငံတော်အတွက် အသက်ပေးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးအတွက်   ရည်စူးအမျှပေးဝေခြင်းနဲ့   ဆရာတော်၊ သံဃာတော်တွေကို ဆွမ်းကပ်ခြင်းနှင့်လှူဖွယ် ၀တ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင်လ (၁၉)ရက် အာဇာနည်နေ့မှာ နေပြည်တော်ကောင်စီဝင်းအတွင်း ဇဗ္ဗူသီရိခန်းမမှာ  ပြည်ထောင်စုအစိုးရအဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ဇနီးတို့က ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ဆွမ်း၊ သစ်သီး၊ ပန်း၊ ရေချမ်းတွေ ဆပ်ကပ်လှူဒါန်းခဲ့ကာ ဆရာတော်၊ သံဃာတော် အရှင်သူမြတ်(၉)ပါးထံက ငါးပါးသီလခံယူခဲ့ပြီး လှူဖွယ်ဝတ္ထု ပစ္စည်းတွေ လှူဒါန်းခဲ့ကြ ပါတယ်။ လှူဒါန်းမှုတွေအပြီးနောက်မှာတော့  အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦးအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ ကြွရောက် လာတဲ့ ဆရာတော်၊ သံဃာတော်တွေကို နေ့ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ပါတယ်။ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီး(၉)ဦး လုပ်ကြံခံခဲ့ရတဲ့ မနက် (၁၀) နာရီနဲ့ (၃၇)မိနစ်မှာ ၀မ်းနည်ခြင်းအထိမ်းအမှတ်အဖြစ် တက်ရောက်လာသူတွေအားလုံး (၁)မိနစ်ငြိမ်သက်စွာ ဦးညွှတ်အလေးပြုခဲ့ကြပါတယ်။

အဆိုပါအခမ်းအနားကို နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့  ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒေါက်တာအောင်သူ၊ ဒေါက်တာသန်းမြင့်၊ ဦးခင်မောင်ချို၊ ဦးသန့်စင်မောင်တို့ အပါအ၀င် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နဲ့ ဒုတိယ၀န်ကြီးတွေ၊ တာဝန်ရှိသူတွေတက် ရောက်ခဲ့ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦးလုပ်ကြံခံခဲ့ရတဲ့(၇၂)နှစ်မြောက် အာဇာနည်နေ့ကို တစ်နိုင်ငံလုံးနီးပါး ၀မ်းနည်ခြင်း အထိမ်းအမှတ်အဖြစ် အလေးပြုခြင်းတွေ၊ နိုင်ငံတော်အလံအား တစ်ဝက်လွှင့်ထူခြင်းတွေပြုလုပ်ခဲ့ပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီး(၉)ဦး လုပ်ကြံခံခဲ့ရတဲ့ ၁၀နာရီနဲ့ ၃၇မိနစ်အချိန်မှာတော့ မီးသတ်ကားများမှ သြဥဆွဲဂုဏ်ပြုခဲ့ပြီး  ဦးညွှတ် အလေးပြုခဲ့ကြပါတယ်။

 

 

Related News