မန္တလေးမြို့မှာ(၁)နှစ်မှာ(၁)ရက်သာကျင်းပလေ့ရှိတဲ့ ရိုးရာအိုးပုတ်ပွဲတော်ကို သြဂုတ်လ(၈)ရက်က ကျင်းပခဲ့ပြီး လာရောက်လည်ပတ် သူများနဲ့ စည်းကားခဲ့ပါတယ်။အိုးပုတ်ပွဲတော်ကို နှစ်စဉ်ဝါခေါင်လဆန်း(၈)ရက်တိုင်း ကျင်းပလေ့ရှိတာဖြစ်ပြီး မန္တလေးမြို့ မြောက်ပြင်အိုးဘိုရပ်မှာ ကျင်းပတာဖြစ်ပါတယ်။ ယခင်ကအိုးပုတ်ခိုးပွဲတော်လို့ ကျင်းပခဲ့ကြရာမှ နောက်ပိုင်းမှာ အိုးပုတ်တွေအမှတ်တရအဖြစ် ရောင်းချကြတဲ့ပွဲဖြစ်လာတာပါ။ အခုပြုလုပ်ခဲ့တဲ့ အိုးပုတ်ပွဲတော်ကို စိတ်ဝင်စား သူတွေများပြားခဲ့ပြီး ဒေသအသီးသီးက မိသားစုတွေ၊ သူငယ်ချင်းအစုအဖွဲ့တွေ လာရောက်ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

အိုးပုတ်ပွဲတော်မှာ ကျောက်ခတ်ပန်းကုံး၊ ကလေးကစားစရာအိုးပုတ်ရုပ်စုံ၊ စုဘူးတွေကိုအရောင်အသွေးစုံလင်စွာ တွေ့မြင်နိုင် သလို မြန်မာ့ရိုးရာမုန့်တွေလည်း ရောင်းချခဲ့ကြပါတယ်။ဒီနှစ်အိုးပုတ်ပွဲတော်မှာ မနက်ပိုင်းကစလို့ အိုးပုတ်အမှတ်တရ ဝယ်ယူသူတွေ ၊ ဓါတ်ပုံရိုက်သူတွေ ၊ ဈေးတန်းလျှောက်သူတွေနဲ့ စည်ကားခဲ့ပါတယ်။

အိုးပုတ်ပြုလုပ်ရောင်းချသူတွေက အိုးပုတ်ပွဲတော်အတွက် အိုးပုတ်နဲ့ကစားစရာအရုပ်မျိုးစုံတွေကို အချိန်ကာလ (၄)လနီး ပါးကြိုတင်ပြုလုပ် ထားကြတယ်လို့ သိရပါတယ်။ အိုးပုတ်ရုပ်တွေကို ကိုယ်တိုင်ပြုလုပ် ရောင်းချသူတွေရှိကြသလို တဆင့်ပြန်လည်ပြုလုပ်ရောင်းချသူတွေ လည်း ရှိခဲ့ပါတယ်။ ရိုးရာအိုးပုတ်နဲ့ကစားစရာ အရုပ်တွေကို ငွေကျပ် (၁၀၀) ကစ လို့ ထောင်ဂဏန်းအထိ အရွယ်အစားအကြီးအသေးအပေါ် မူတည်ပြီး  ရောင်းချခဲ့ကြပါတယ်။ ဒီအိုးပုတ်ပွဲတော်ကိုစိတ်ဝင်တစားရှိလာကြတာကြောင့်ဈေးရောင်းချရတာ အဆင်ပြေလာတယ်လို့ အိုးပုတ်ရောင်းချသူတွေကပြောပါတယ်။ 

အိုးပုတ်ပွဲတော်က နှစ်ပေါင်းရှည်ကြာစွာဆင်နွှဲလာကြတဲ့ရိုးရာပွဲတော်တစ်ခု ဖြစ်ပါတယ်။ အိုးပုတ်လုပ်ငန်းနဲ့ အသက်မွေဝမ်းကြောင်းပြုကြတဲ့ အမရပူရမြို့နယ် တပ်ကြီးကျေးရွာက အိုးပုတ်ပြုလုပ် ရောင်းချသူတွေက တောင်ပြုံးပွဲနဲ့ အမရပူရမြို့နယ် ရတနာဂူပွဲတော်တို့မှာ ရောင်းချကြမှာဖြစ်တယ်လို့သိရပါတယ်။

 

Related News