မန္တလေးမြို့မှာ မြန်မာရိုးရာအစားအစာမျိုးစုံနဲ့ အာဆီယံဒေသတွေကအစားအစာတွေကို ဝယ်ယူစားသုံးနိုင်မည့် အာဆီယံ အစားအစာ ပွဲတော်(၂၀၁၉)ကို ပြုလုပ်သွားမယ်လို့ သြဂုတ်လ ၇ရက်က Hotel Marvel မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက သိရပါတယ်။ အာဆီယံအစားအစာပွဲတော်ကို ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနရဲ့လမ်းညွှန်မှု၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ပံ့ပိုးကူညီမှုနဲ့ မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက ဦးဆောင်ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။

အခုလို အာဆီယံအစားအစာပွဲတော်ကျင်းပပြုလုပ်တာဟာ မြန်မာရိုးရာအစားအစာတွေကို နိုင်ငံတကာကသိရှိစေဖို့၊ မြန်မာရိုးရာ အစားအစာတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်နိုင်စေဖို့၊ မြန်မာနိုင်ငံအတွင်းကို ခရီးသွားဧည့်သည်တွေ ဝင်ရောက်မှု လျော့နည်းတဲ့ မိုးရာသီကာလမှာခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင်ဆွဲဆောင်နိုင်စေဖို့ ရည်ရွယ်ပြီး ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။ဒီပြပွဲမှာအာဆီယံနိုင်ငံတွေအပြင် တရုတ်၊ကိုရီးယား၊ဂျပန်၊အိန္ဒိယနိုင်ငံတွေက ရိုးရာအစားအစာတွေ၊ ဒေသထွက်ကုန်ပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တွေကို ပြခန်းပေါင်း ၁၁၀ကျော်နဲ့ပြသရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် မြန်မာရိုးရာအစားအစာအမျိုးပေါင်း ၇၀ ကျော်နဲ့ အာဆီယံဒေသတွေကအစားအစာများကိုလည်း ပြသရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပွဲတော်မှာအစားအစာနဲ့ပတ်သက်ပြီးဘေးကင်းစေဖို့အတွက် ကုန်ကြမ်းပစ္စည်းတွေ ကိုလည်း ကြိုတင်ကာစစ်ဆေးမှုတွေ ပြုလုပ်ထားတယ်လို့သိရပါတယ်။ ဒါအပြင်ပွဲတော်ရောင်းချမယ့် အစားအသောက်ဆိုင် တွေမှာ ပလပ်စတစ်နဲ့ဗော့ဗူးသုံးစွဲမှုတွေလျှော့ချစေဖို့အတွက် ကွမ်းသီးဖတ်နဲ့ပြုလုပ်ထားတဲ့ အသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။  

မန္တလေးမြို့မှာ ပြုလုပ်မယ့် အာဆီယံအစားအစာပွဲတော်ကို သြဂုတ်လ ၁၇ရက်မှ ၁၈ရက်ထိ ၂ရက်ကြာ Mandalay Convention Center မှာ နံနက်၉ နာရီမှ ည ၉နာရီထိ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ 

 

Related News