ရန်ကုန် - ဒလတံတားတည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ဖို့အတွက်သြဂုတ်လ(၁၁)ရက်မှစတင်ပြီး YBSယာဉ်လိုင်းအချို့ လမ်းကြောင်းပြောင်းလဲ ပြေးဆွဲပေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့(YRTA)မှသိရပါတယ်။ရန်ကုန် - ဒလ တံတားတည်ဆောက်ရေးလုပ်ငန်းကို သြဂုတ်လ(၁၀)ညမှာစတင်ဆောင်ရွက်မှာဖြစ်ပြီး YBS ယာဉ်လိုင်းတွေဖြစ်တဲ့ YBS(၂၁)၊(၃၅)၊(၃၇)၊(၃၉)၊(၇၈)နဲ့ Airport Shutter Bus စတဲ့ယာဉ်လိုင်းတွေကတော့ ပထမအဆင့်အနေနဲ့ (၆)လကြာယာဉ်လမ်းကြောင်းပြောင်းလဲပြေးဆွဲပေးသွားရမှာဖြစ်ပါတယ်။

တံတားတည်ဆောက်ရေးပြုလုပ်မယ့် ဘုန်းကြီးလမ်း၊အနော်ရထာလမ်းနဲ့မဟာဗန္ဓုလလမ်းကြားအစိတ်အပိုင်းကိုပဲ တည်ဆောက်ရေးလုပ်ငန်းပြုလုပ်မှာကြောင့် သက်ဆိုင်တဲ့ယာဉ်လိုင်းတွေအနေနဲ့ရှောင်ကွင်းပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

ခေတ်သစ်ဘုရင့်နောင်နဲ့Power Eleven ကုမ္ပဏီလီမိတက် စတဲ့ကုမ္ပဏီ(၂)ခုကနေပြေးဆွဲနေတဲ့ YBS(၂၁)ယာဉ်လိုင်းက အသွားလမ်းကြောင်းအဖြစ် အနောက်ပိုင်းတက္ကသိုလ်၊ ကမ်းနားလမ်း- ဘုန်းကြီးလမ်း(စံပြ)၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် အနော်ရထာလမ်းကြား၊ အနော်ရထာလမ်း-ကမ်းနားလမ်းကနေ ကျုံးကြီးဂိတ်ဖျားအထိပြောင်းလဲပြေးဆွဲမှာဖြစ်ပြီး အပြန်လမ်းကြောင်းကတော့ ကမ်းနားလမ်း-ရွှေတိဂုံဘုရားလမ်း၊ အနော်ရထာလမ်း- ဘုန်းကြီးလမ်း(စံပြ)၊ အနော်ရထာလမ်းနဲ့ ဗိုလ်ချုပ်အောင်ဆန်းလမ်းကြား အထိပြေးဆွဲပေးရမှာဖြစ်ပါတယ်။

YBS(၃၅)ယာဉ်လိုင်းက အသွားလမ်းကြောင်းအဖြစ် လှည်းတန်း-မြေနီကုန်း၊ ပြည်လမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လမ်းမတော်လမ်း-ကမ်းနားလမ်း၊-မော်တင်ဂိတ်ဖျားကိုပြေးဆွဲပေး သွားမှာဖြစ်ပြီး အပြန်လမ်းကြောင်းကတော့ မော်တင်ဂိတ်ဖျားကနေ ကမ်းနားလမ်း၊ ၀ါးတန်းလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ လာလမ်းအတိုင်း ပြေးဆွဲပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် YBS(၃၇)၊(၃၉)၊(၇၈)နဲ့ Airport Shutter Bus စတဲ့ယာဉ်လိုင်းတွေ ကလည်း တံတားတည်ဆောက်ရေးစီမံကိန်းနဲ့လွတ်တဲ့ ယာဉ်လမ်းကြောင်းတွေကနေ ရှောင်ကွင်းပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

တံတားတည်ဆောက်ရေးစီမံကိန်းဟာ ပထမအဆင့်အနေနဲ့(၆)လကြာမြင့်မှာဖြစ်ပြီး ဒုတိယအဆင့်တည်ဆောက်မယ့် ကာလအတွင်းမှာတော့ YRTA အနေနဲ့ ပြည်သူလူထုရဲ့သွားလာမှုတွေကိုလေ့လာပြီး လမ်းကြောင်းပြန်လည်ပြောင်းလဲမှုတွေကို ပြန်လည်ဆောင်ရွက်ပေးသွားမယ်လို့သိရပါတယ်။

 

Related News