သြဂုတ်လ(၉)ရက်မနက်(၂)နာရီက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မော်လမြိုင်မြို့တွင်းက နေရာတော်တော်များများမှာ ရေကြီး ရေလျှံမှုတွေဖြစ်ပေါ်နေပါတယ်။မော်လမြိုင်မြို့အတွင်းက ရပ်ကွက်တွေဖြစ်တဲ့ သီရိမင်္ဂလာ၊ သီရိမြိုင်၊ ဇေယျာသီရိ၊ ဇေယျာမြိုင်၊ ဈေးချိုတောင်ဝိုင်း၊ လှိုင်၊ ရွှေမြိုင်သီရိ၊ ရွှေပြည်တိုးစတဲ့ရပ်ကွက်တွေမှာ ရေကြီးမှုဒဏ်ကိုတွေ့ကြုံနေရတာဖြစ်ပါတယ်။

လက်ရှိမှာတော့ ရေဘေးကယ်ဆယ်ရေးစခန်း (၁၂)ခုဖွင့်လှစ်ထားရှိပြီး ရေဘေးဒုက္ခသည်သုံးထောင်ကျော်ကို ကူညီဆောင်ရွက်မှုတွေပေးနေတယ်လို့ သိရပါတယ်။ သြဂုတ်လ(၁၀)ရက် မနက်ပိုင်းက ရွာသွန်းခဲ့တဲ့မိုးရေချိန်လက်မ ကိုးလက်မကျော်ရှိတယ်လို့ သိရပါတယ်။ ရေကြီးမှုရဲ့ နောက်ဆက်တွဲအဖြစ် မြေပြိုတာတွေကိုလည်း ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ပေါင်မြို့နယ် သဲဖြူကုန်းကျေးရွာအုပ်စု ရဲပြားကုန်း မြေပြိုမှုကြောင့် လူနေအိမ် ၁၆ လုံး နှင့် ကား ၈ စီး မြေကြီးထဲမြုပ်နေခဲ့ကြောင်း သိရပါတယ်။

သြဂုတ်လ ၉ ရက်နေ့ည ၉နာရီ အထိ သေဆုံးဒဏ်ရာရစာရင်းအား အတည်ပြုမေးမြန်းချက်အရ အမျိုးသား ၁၂ ဦး အမျိုးသမီး၁၀ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူ စုစုပေါင်း ၇၀ ဦးကို ပေါင် သထုံ မော်လမြိုင်ဆေးရုံများသို့ ပို့ဆောင်ကုသပေးနေတယ်လို့ သိရပါတယ်။ တောင်ဝိုင်းရပ်ကွက်မှာနေထိုင်တဲ့ မချိုရီဝင်းကလဲ ရေကြီးမှုဒဏ်ကိုခံစားရပြီး ယခုလက်ရှိမှာတော့ရေဘေးကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သူမတွေ့ကြုံခဲ့ရတာတွေကို အခုလိုပြောပါတယ်။

ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ အစားအသောက်နဲ့ ဆေးဝါးတွေလိုအပ်နေပြီး လှူဒါန်းချင်သူတွေအနေနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး တွေကတဆင့် လှူဒါန်းနိုင်သလို ဖုန်းနံပါတ် ၀၉၇၆၅၀၀၇၁၁၉ ကို ဆက်သွယ်မေးမြန်းလှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

 

Related News