သြဂုတ်လ(၁၂)ရက်မှာကျရောက်ခဲ့တဲ့ ကမ္ဘာ့ဆင်များနေ့ပွဲတော်ကို ပဲခူးတိုင်းဒေသကြီးရှိ ၀င်္ဂဘော်ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်းမှာ ပြုလုပ်ခဲ့ပါတယ်။ကမ္ဘာ့ဆင်များနေ့ပွဲတော်ကို ကမ္ဘာမှာ (၂၀၁၂)ခုနှစ်၊သြဂုတ်လ(၁၂)မှာစတင်ကျင်းပခဲ့ပြီး မြန်မာနိုင်ငံမှာတော့ (၂၀၁၆)ခုနှစ်၊သြဂုတ်လ(၁၂)ရက်က မှော်ယောကြီးဆင်စခန်းမှာ ပထမဆုံးကျင်းပခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ဆင်များနေ့ပွဲတော်ကိုပြုလုပ်တာက ဆင်တွေဟာ မျိုးသုဉ်းနိုင်တဲ့ အန္တရာယ်တွေ ကြုံတွေ့နေရတာတွေကို ကာကွယ်ထိန်းသိမ်းစေဖို့၊သနားကြင်နာစေဖို့နဲ့လွဲမှားစွာအသုံးမပြုကြစေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပါတယ်။ကမ္ဘာ့ဆင်များနေ့ပွဲတော်ကို ၀င်္ဂဘော်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းမှာတော့ (၂၀၁၇)ခုနှစ်မှာ စတင်ကျင်းပခဲ့ပြီး အခုဆို (၃)နှစ်ရှိပြီဖြစ်ပါတယ်။ကမ္ဘာ့ဆင်များနေ့ပွဲတော်မှာ ဆင်များကို  ကြံ၊ဖရဲသီး၊ငှက်ပျောသီး၊နာနတ်သီးအစရှိတဲ့အသီးအနှံတွေကို ဘူဖေးစနစ်နဲ့  ကျွေးမွေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘောနက်ကြီး အ.ထ.က ကျောင်းက ကျောင်းသား၊ကျောင်းသူတွေနဲ့မူလွန်ကျောင်းသား၊ကျောင်းသူတွေ၊ ၀င်္ဂဘော်ကျေးရွာက ကျောင်းသား၊ကျောင်းသူတွေကို ဆင်အကြောင်းသိကောင်းစရာများဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူတွေကို ဆင်အကြောင်းနဲ့ပတ်သက်တဲ့ဗဟုသုတတွေကို မေးမြန်းခဲ့ပါတယ်။ကမ္ဘာ့ဆင်များနေ့ပွဲတော်ကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့  သယံဇာတ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စည်ပင်သာယာရေးဝန်ကြီး၊ ဒေါက်တာစောညိုဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ ၀င်္ဂဘော်ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို (၂၀၁၆)ခုနှစ်၊ နိုဝင်ဘာ(၃)ရက်မှာ ဆင်အကောင်ရေ(၆)ကောင်နဲ့စတင်ဖွင့်လှစ်ခဲ့ပြီး လက်ရှိမှာ ဆင်အကောင်ရေ (၂၀)အထိရှိနေပြီလို့သိရပါတယ်။ပဲခူးတိုင်းဒေသကြီးအတွင်းမှာတော့ ဆင်စခန်းပေါင်း(၆)ခုထိရှိနေပြီး မြန်မာတစ်နိုင်ငံလုံးမှာတော့ ဆင်စခန်းအခု(၂၀)ရှိတယ်လို့သိရပါတယ်။

 

 

Related News