ရန်ကုန်မင်္ဂလာဈေးမီးလောင်ကျွမ်းမှုဟာ တစ်နှစ်ပြည့်သွားပြီဖြစ်ပေမယ့် ပြန်ပြီး မဆောက် သေးတဲ့အပြင် ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဈေးသူဈေးသားတွေက ဒီနေ့ ဆန္ဒထုတ်ဖော် ကြပါတယ်။ရန်ကုန်မင်္ဂလာဈေး မီးလောင်ခဲ့တာဟာ ဒီနေ့ ဇန်န၀ါရီ ၉ ရက်မှာ ၁နှစ်ပြည့်သွားပါပြီ။လက်ရှိမှာလည်း မီးသင့်ဈေးကြီးကို ဖြိုဖျက်ပြီးစီးခါနီး ဖြစ်ပေမယ့် ဈေးပြန်လည် တည်ဆောက်ဖို့ အတွက်တော့  တိုင်းဒေသကြီးအစိုးရဘက်က ပွင့်ပွင့်လင်းလင်းမပြောလို့ အခုလို ဆန္ဒထုတ်ဖော်ကြ တာလို့ ဈေးသူဈေးသားတွေက ပြောပါတယ်။ဈေးသူဈေးသားတွေအနေနဲ့ ဆန္ဒထုတ်ဖော်ရာမှာတော့ မင်္ဂလာဈေး အမြန်တည်ဆောက်ရေး၊ ဈေးအသစ်ဆောက်လုပ်ရာမှာ အထပ်မြင့် မဆောက်လုပ်ရေး၊ ဈေးအပေါ်အမြန်ရောင်းချခွင့်ရရေး၊ ဈေးကိုယ်စားလှယ်တွေနဲ့ တိုင်းအစိုးရတာဝန်ရှိသူတွေ ဆွေးနွေးခွင့်ရရေး အပါအ၀င် ဈေးဆောက် လုပ်မယ့် အချိန်ကာလသတ်မှတ်ရေး စတဲ့ အချက်(၅)ချက်ကို အဓိကထား တောင်းဆိုကြပါတယ်။

 ဈေးအသစ်ပြန်လည်ဆောက်ဖို့ အချိန်ကာလမသိရတဲ့အတွက် ဈေးသူဈေးသားတွေအနေနဲ့ မင်္ဂလာဈေးအနီးနားက ရွှေပြည့်စုံနဲ့ မင်္ဂလာမွန်ဈေးတွေမှာပဲ ငှားပြီးရောင်းချရတဲ့အတွက် ငွေကြေး အခက်အခဲတွေ ရှိလာကြတယ်လို့ ဈေးသည်တွေက ပြောပါတယ်။ဈေးသူဈေးသားတွေအနေနဲ့ သက်ဆိုင်ရာအစိုးရအဖွဲ့ကို အခုလ ၃ ရက်က သွားရောက် တွေ့ဆုံရာမှာ လက်ရှိအခြေအနေအရ ဗိသုကာပညာရှင်တွေနဲ့ ဆွေးနွေးပြီး ဈေးကိုဘယ်လို ဆောက်လုပ်မလဲ၊ ဘယ်လိုပြင်ဆင်သွားမလဲဆိုတာကို ဆွေးနွေးနေကြောင်း ပြန်လည်ရှင်းလင်း တယ်လို့ သိရပါတယ်။ ဈေးသူဈေးသားတွေကတော့  ထူးခြားမှုရှိမလာသေးသရွေ့ ဆက်ပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ ဆိုပါတယ်။

Related News