ရန်ကုန်က ကျပ်သိန်း(၁၂၀)အောက် အိမ်ရာအခန်းပေါင်း ၂၂၀၈ ခန်းထဲက အခန်း (၃၀၀) ကျော်ကို ၀ယ်ယူနေထိုင်ခွင့် ရရှိသူစာရင်းကို ဇန်န၀ါရီ ၁၁ ရက် ဒီကနေ့မှာ ကြေငြာလိုက်ပါတယ်။ဒါဟာ အခုလက်ရှိ အစိုးရသစ်လက်ထက်မှာ ပထမဆုံးရောင်းချတဲ့ တန်ဖိုးနည်း တိုက်ခန်း တွေလည်း ဖြစ်ပါတယ်။ ဒီတန်ဖိုးနည်းအိမ်ရာ ၀ယ်ယူဖို့အတွက် ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ် မှာ ငွေစုပြီး တိုက်ခန်းတန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်းပြည့်မီသူတွေကို ဦးစားပေးရောင်ချပေးတာလို့ သိရပါတယ်။အခုရောင်းချလိုက်တဲ့ တိုက်ခန်း (၃၇၀) ဟာ ပထမအဆင့် ရောင်းပေးတာဖြစ်ပြီး အခုလအတွင်း နေထိုင်ခွင့်ပေးလိုက်ပြီလို့ သိရပါတယ်။

ဝယ်ယူနေထိုင်ခွင့်ရ၇ှိသူတွေကတာ့ ဒီလို ရောင်းချတဲ့ စနစ်အပေါ် ကြေနပ်မှုရှိတယ်လို့ ပြောပါတယ်။ဒီလိုဦးစားပေးစနစ်နဲ့ရောင်းချခဲ့တဲ့ နေရာတွေကတော့ လှိုင်သာယာ ရွှေလင်ဗန်းတန်ဖိုးနည်း အိမ်ရာအပိုင်း၂မှာ (၁၀၁)ခန်း၊ ယုဇနအိမ်ရာအပိုင်း(၁)နဲ့ အပိုင်း(၂)မှာ(၂၀၅)ခန်းနဲ့ လှိုင်သာယာမြို့နယ် ကနောင်မှာတော့ (၆၄)ခန်းရောင်းချလိုက်တာပါ။အခုလအတွင်းမှာဘဲ လိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ  စာရင်းပြပြီး လွဲပြောင်းပေးမှာ ဖြစ်တယ်လို့ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးက ပြောပါတယ်။

တန်ဖိုးနည်းအိမ်ရာမှာနေထိုင်ခွင့်ရသုတွေကို မြေညီထပ်မှာ ဆိုင်ခန်းရောင်းချခွင့်၊ အဖီထိုးခွင့်ပေးသွားမှာ မဟုတ်သလို (၅)နှစ်အတွင်း အိမ်ငှားရမ်းခြင်း၊ အိမ်ရောင်းချခြင်းတွေလည်း မပြုလုပ်ရဘူးလို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က တာဝန်ရှိသူကပြောပါတယ်။ဒါ့အပြင် အိမ်ရာလျှောက်ထားပြီး ငွေမပြည့်မီသေးလို့ အခု အစီအစဉ်မှာ မပါသေးတဲ့ ပြည်သူတွေအတွက် ဒုတိယဦးစားပေးအနေနဲ့ ထပ်မံရောင်းချသွားမယ်လို့ သိရပြီး စုငွေကတော့ သတ်မှတ်ထားတဲ့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ဆက်လက်စုဆောင်းသွားဖို့ လိုတယ်လို့ သိရပါတယ်။

Related News