တပ်မတော်အစိုးရလက်ထက်က သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသောင်းထွန်းကို နိုင်ငံတော်ရဲ့ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ်္ဂိုလ်အဖြစ် ဇန်န၀ါရီ ၁၀ ရက်ကခန့်အပ်လိုက်ပါတယ်။ပြည်ထောင်စုအစိုးရအစည်းအဝေးဆုံးဖြတ်ချက်နဲ့ ခန့်အပ်တာလို့ နိုင်ငံတော်သမ္မတရဲ့ထုတ်ပြန်ချက် ထဲမှာ ဖော်ပြထားပြီး အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂိ္ဂုလ်ဟာ ပြည်တွင်းပြည်ပအန္တရာယ်တွေကို မဟာဗျူဟာရှုထောင့်ကနေ လေ့လာသုံးသပ်ပြီး နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ကို အကြံပေးရမှာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ်္ဂိုလ်ရဲ့ ရာထူးအဆင့်အတန်းကိုတော့ ပြည်ထောင်စုဝန်ကြီး အဆင့် သတ်မှတ်ထားပါတယ်။

သမ္မတရဲ့ထုတ်ပြန်ချက်အတွင်း ဖော်ပြထားတဲ့ ဦးသောင်းထွန်းဟာ သံအမတ်ဟောင်း ဦးသောင်းထွန်းကို ရည်ညွှန်းတာဖြစ်တယ်လို့ သမ္မတရုံးဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကMRTV4  ကိုအတည်ပြုပြောပါတယ်။ဒီရာထူးဟာ နိုင်ငံတကာမှာလည်း အရေးပါတဲ့ရာထူးဖြစ်ပြီး အခုလိုတစ်ဦးတစ်ယောက်တည်း ထားရှိတာအပြင် အဖွဲ့အစည်းအနေနဲ့ပါထားရှိဖို့ လိုအပ်တယ်လို့ တကောင်းနိုင်ငံရေးလေ့လာရေး အင်စတီကျုက ကိုရဲမျိုးဟိန်းက ပြောပါတယ်။

ဦးသောင်းထွန်းဟာ ဖိလစ်ပိုင်နိုင်ငံအပါအ၀င် ဘယ်လ်ဂျီယန်၊ နယ်သာလန်နဲ့ ဥရောပသမဂ္ဂ သံအမတ်ကြီးတွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ကုလသမဂ္ဂမှာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။သူဟာ စင်ကာပူနိုင်ငံအခြေစိုက် အရှေ့တောင်အာရှလေ့လာရေးအင်စတီကျူမှာ အကြီးတန်း ဧည့်သုတေသနအဖြစ်လည်း လုပ်ဆောင်ခဲ့ပြီး မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်မှုဆောင်းပါးတွေကိုလည်းနိုင်ငံတကာမီဒီယာအချို့မှာ ရေးသားသူဖြစ်ပါတယ်။

Related News