ဂျပန်အစိုးရဟာ မြောက်ကိုရီးယားနိုင်ငံအပေါ် တစ်ဖက်သက်ပိတ်ဆို့မှုများကို နောက်ထပ် ၂ နှစ်တိုးမြှင့်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဂျပန်ကုန်သွယ်ရေးဝန်ကြီး ဟီရိုရှီဂဲ ဆဲကို က ပြောပါတယ်။ တိုကျိုအနေဖြင့် ဂျပန်နှင့်မြောက်ကိုရီးယားကြား ကုန်သွယ်မှုအားလုံးကို ဆက်လက် ပိတ်ပင်ထားဦးမှာဖြစ်ပြီး မြောက်ကိုရီးယားသင်္ဘောတွေအားလုံးကို ဂျပန့်ဆိပ်ကမ်းတွေကို ၀င်ရောက်ခွင့်လည်း တားမြစ်ထားမှာဖြစ်တယ်လို့ ကျိုဒိုသတင်းစာ အစောပိုင်းမှာ သတင်းဖော်ပြ ထားပါတယ်။

မြောက်ကိုရီးယားဟာ နိုင်ငံအရှေ့ဘက်ကမ်းရိုးတန်းကနေ ပဲ့ထိန်းဒုံးကျည်ကို ဗုဒ္ဓဟူးနေ့မှာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီး အဲ့ဒီ့ဒုံးကျည်ဟာ ဂျပန်ပင်လယ် ထဲကျရောက်ခဲ့တယ်လို့ ဂျပန်ဘက်က ပြောထားပါတယ်။ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲကတော့ မြောက်ကိုရီးယားရဲ့ပဲ့ထိန်း ဒုံးကျည်ပစ်လွှတ်မှုဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်မှုဖြစ်သလို ရန်လိုတဲ့လုပ်ရပ်ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ မြောက်ကိုရီးယားရဲ့ရန်စမှုကို ကာကွယ်ဖို့ ဂျပန်နိုင်ငံရဲ့လုံခြုံရေးတိုးမြှင့်မယ့် အရေးကို ဂျပန်ဝန်ကြီးချုပ်နဲ့ အမေရိကန်သမ္မတတို့က ဖုန်းကနေတစ်ဆင့် ဆွေးနွေးချိန်မှာ သဘောတူညီထားပါတယ်။ ကုလသမဂ္ဂရဲ့တားမြစ်မှုတွေရှိနေပေမဲ့ မြောက်ကိုရီးယားဟာ နျူကလီး ယားနဲ့ပဲ့ထိန်းဒုံးကျည်တွေကို စမ်းသပ်နေတာဖြစ်ပါတယ်။

 

Related News