ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ မှုခင်းမှတ်တမ်းလုပ်ငန်းခွင်ဆိုင်ရာ မွမ်းမံသင်တန်းကို ဇူလိုင်(၃)ရက်က ဖွင့်လှစ်ခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ပြောကြားပါတယ်။ဒီသင်တန်းကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှာပဲ လက်ရှိ တိုင်းဒေသကြီးရဲတပ်ဖွဲ့အတွင်းမှာ တာဝန်ထမ်းဆောင် နေတဲ့ မှုခင်းမှတ်တမ်းတာဝန်ခံအရာရှိတွေကို  ၁ပတ်တာ ဖွင့်လှစ်သင်ကြားမှာ ဖြစ်ပါတယ်။ သင်တန်းမှာ မှုခင်းမှတ်တမ်းတာဝန်ခံတွေအနေနဲ့ တရားရုံး၊ဥပဒေရုံးတွေနဲ့ချိတ်ဆက်လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေ ၊ အမှုကို တရားစွဲတင်တဲ့လုပ်ငန်းတွေ စတာတွေကို ဖြည့်ဆီးသင်ကြားသွားမှာဖြစ်သလို  မိမိတို့ရဲ့ လုပ်ငန်းတွေကို ပီပီပြင်ပြင်လုပ်ဆောင်နိုင်ဖို့ သင်တန်းပေးတာ ဖြစ်တယ်လို့လဲ ဒုရဲမှူးကြီးမြင့်ထွေးက ပြောပါတယ်။
 
ဒီသင်တန်းကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က မြို့နယ်ရဲတပ်ဖွဲ့မှူးတွေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး တွေက ပို့ချသင်ကြားပေးသွားမှာဖြစ်ပြီး  ခရိုင်(၄)ခရိုင်က ရဲအုပ်တွေကို သင်ကြားပေးတာဖြစ်ကာ တစ်ခရိုင်ကို ရဲအုပ်(၅)ဦးနှုန်းနဲ့ စုစုပေါင်း(၂၀)ဦးတက်ရောက် သင်ကြားတာဖြစ်ပါတယ်။ဒီသင်တန်းဟာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ ပထမဆုံးအကြိမ်အဖြစ် ဖွင့်လှစ်ပို့ချ သင်ကြားပေးတဲ့ မှုခင်းမှတ်တမ်း(အရာရှိ)လုပ်ငန်းခွင် မွမ်းမံသင်တန်း အမှတ်စဉ်(၁။၂၀၁၇) ဖြစ်ပါတယ်။ ဒီမွမ်းမံသင်တန်းကို နောက်ထပ်ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်ပြီး ရန်ကုန်တိုင်းရဲတပ်ဖွဲ့ အတွင်းမှာ  တာဝန်ထမ်းဆောင်နေတဲ့ မှုခင်းမှတ်တမ်းတာဝန်ခံ ရဲအုပ်အားလုံးကို ပို့ချသင်ကြားပေး သွားမယ်လို့လည်းသိရပါတယ်။
 
 

Related News