ဇူလိုင်လ ၁၉ ရက်မှာ ကျင်းပပြုလုပ်သွားမယ့် နှစ်(၇၀)မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် ရန်ကုန်မြို့ရှိအာဇာနည်ကုန်းနဲ့ အာဇာနည်ဗိမာန်ကို ပြင်ဆင်ထိန်းသိမ်းတာတွေ ပြုလုပ်နေပြီး ဇူလိုင်လ(၁၀)ရက်နေ့မှာ အပြီးသတ်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။ အာဇာနည်ဗိမာန်နဲ့ အာဇာနည်ကုန်းကိုတော့ ပြီးခဲ့တဲ့နှစ်က အကြီးစားပြန်လည် ပြင်ဆင်ထားတာပါ။ အခုနှစ် မှာလည်း အာဇာနည်နေ့မတိုင်ခင်ပြင်ဆင်မှု တွေလုပ်နေပြီး မေလ(၁၅) ရက် ကတည်းက လူအင်အား ၂၀၀ လောက်နဲ့ လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ အာဇာနည်ဗိမာန်ကို ဆေးပြန်သုတ်တာ၊ ဗိမာန်ရင်ပြင်ပေါ်က ကြွေပြားတွေ၊ မာဘယ် ကျောက်ပြားတွေ အသစ်လဲလှယ်တာတွေ၊ ဗိမာန်အ၀င်လမ်းအထွက်လမ်း၊ စင်္ကြန် အစရှိတာတွေကို တိုးချဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။ဒါ့အပြင် အာဇာနည်ကိုးဦးရဲ့ အဆိုအမိန့်တွေ၊ဘ၀ဇာတ်ကြောင်းတွေ ပြသထားမယ့် ဂရပ်ဖစ်ဘုတ်တွေကိုလည်း ပြုပြင် တာတွေပြုလုပ်နေသလို ၊မနှစ်ကမှ အသစ်ပြုလုပ်ထားတဲ့ ကြွေလွင့်ကြယ်အောက်ခြေ မြက်ခင်းမပျက်စီးစေဖို့ သံဇကာကွက်ခင်းတာတွေနဲ့မသန်စွမ်းတွေအတွက် ၀ှီးချဲလမ်းကိုလည်း မနှစ်ကထက် တိုးချဲ့ပြင်ဆင်ထားတယ်လို့ သိရပါ တယ်။
 
အာဇာနည်ကုန်းနဲ့ အာဇာနည်ဗိမာန်ရင်ပြင် လုံခြုံရေးအတွက် CCTV တွေနဲ့မီးဆိုင်းတွေ ကိုလည်း အခုနှစ်မှာ တပ်ဆင်နေပါတယ်။ ဇူလိုင်(၁၀)ရက်မှာ  အာဇာနည်ဗိမာန်ပြင်ဆင် ထိန်းသိမ်း တာတွေပြီးရင်တော့ အာဇာနည်နေ့ အခမ်းအနား အတွက်ပြင်ဆင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ မနှစ်ကတော့ အာဇာနည်ဗိမာန်ကို လူတစ်သိန်းလောက် ဂါရ၀လာပြုခဲ့ကြတယ်လို့ သိရပြီး အများပြည်သူကြည်ရှု့နိုင်ဖို့  စီစဉ်ထားတဲ့အပိုင်းတွေကတော့ မနှစ်က အာဇာနည်နေ့နဲ့ ကွာခြားမှုမရှိဘူးလို့ ပြောပါတယ်။ အခုနှစ် အာဇာနည်နေ့မှာ ရန်ကုန်မြို့ နတ်မောက်လမ်းမှာရှိတဲ့ ဗိုလ်ချုပ်ပြတိုက်ကိုလည်း အရင်နှစ် တွေထက် တစ်နာရီစောဖွင့်မှာဖြစ်သလို ဗိုလ်ချုပ်အသုံးအဆောင်ပစ္စည်းတွေအပြင် ဗိုလ်ချုပ် အောင်ဆန်းရဲ့ဒုတိယမြောက် သားဖြစ်တဲ့ အောင်ဆန်းလင်းရဲ့ ရေနစ်မသေဆုံးမီ ကျောင်းမှာနောက်ဆုံးရေးသားခဲ့တဲ့လက်ရေးမူကိုလည်း ပြသသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အာဇာနည်ခေါင်းဆောင်ကြီးတွေ လုပ်ကြံခံခဲ့ရတဲ့ ၀န်ကြီးများရုံး (ခေါ်) မူလအတွင်းဝန် ရုံးရဲ့ အစည်းအဝေးခန်းမနေရာကိုလည်း အခုနှစ်အာဇာနည်နေ့မှာ ပထမဆုံးအကြိမ် အများပြည်သူ ကို ပြသသွားမှာ ဖြစ်ပါတယ်။
 
 

Related News