ဖိလစ်ပိုင်စစ်တပ်ဟာ မာရာဝီမြို့တွင်းက အထပ်မြင့်အဆောက်အအုံတွေကနေ ပစ်ခတ်တာေ တွလုပ်နေတဲ့ လက်ဖြောင့် သေနတ်သမား စစ်သွေးကြွတွေကို လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဖိလစ်ပိုငစစ်တပ်ပြောခွင့်ရသူက ပြောပါတယ်။ အိုင်အက်စ်အဖွဲ့ကို လိုလားတဲ့ စစ်သွေးကြွလက်နက်ကိုင်တွေဟာ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းက မာရာဝီမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားနေတာကြောင့် အစိုးရတပ်တွေနဲ့ စစ်သွေးကြွတွေကြားမှာ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်လကျော်ကြာသွားပြီဖြစ်ပါတယ်။

မာရာဝီမြို့အတွင်း ပျက်စီးမှုကြီးကြီးမားမားဖြစ်နိုင်တာကို သိပေမယ့်လည်း လက်ဖြောင့်သေနတ်သမားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အစိုးရတပ်တွေ ပြုလုပ်နေတာလို့ ဖိလစ်ပိုင်စစ်တပ်ပြောခွင့်ရသူ ဒုတိယဗိုလ်မှူးကြီး ဂျိုအာ ဟာရီယာကပြောပါတယ်။ တပ်ဖွဲ့ဝင်တွေကျဆုံးမှုပိုလာမှာကို စိုးရိမ်တာကြောင့် လေကြောင်း တိုက်ခိုက်တာတွေကို ပြုလုပ် နေတာ ဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီးက သတင်းထောက်တွေကို ပြောပါတယ်။

ဖိလစ်ပိုင်အစိုးရတပ်ဟာ တိုက်ခိုက်ရေးဂျက် လေယာဉ်တွေ၊ တိုက်ခိုက်ရေး လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေသုံးပြီး သေနတ်သမားတွေ ပုန်းအောင်နေတဲ့နေရာတွေကို တိုက်ခိုက်တာတွေပြုလုပ်နေတာပါ။ သေနတ်သမားတွေ အဓိက ခံစစ်ယူထားတဲ့နေရာကို သိရှိပြီးဖြစ်လို့ လေကြောင်းတိုက်ခိုက် တာတွေပြုလုပ်နေပေမဲ့ အထပ်မြင့်အဆောက်အအုံတွေမှာ ပုန်းအောင်းနေတုန်းဖြစ်တယ်လို့ ဒုတိယဗိုလ်မှူးကြီးက ပြောပါတယ်။

 

 

Related News