ပြစ်မှုကျူးလွန်သူ တရားခံတွေရဲ့ လက်ပုံစံနှိပ်ယူနည်း မွမ်းမံသင်တန်းဆင်းပွဲကို ရန်ကုန်ဒေသကြီးရဲတပ်ဖွဲ့က စက်တင်ဘာ(၈)ရက်နေ့က တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှာပဲ ပြုလုပ်ခဲ့  ပါတယ်။ တရားခံတွေကို စနစ်တကျမှတ်တမ်းတင်ထားတာမရှိတာတွေ၊ မှတ်တမ်းတင်ထားပေမယ့် နည်းလမ်းမှန်ကန် အောင် မှတ်တမ်းရယူထားမှု မရှိတာတွေကြောင့် အမှန်တကယ် ပြစ်ချက်ဟောင်းရှိတဲ့သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ရာမှာ  အခက်အခဲတွေ ဖြစ်ပေါ်နေတာတွေ တွေ့ရတယ်လို့ သင်တန်းဆင်းပွဲမှာ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ပြောကြားလိုက်ပါတယ်။ ဒါ့ကြောင့် လက်ပုံစံတွေကို စခန်းအသီးသီးက  စနစ်တကျမှတ်တမ်း တင်ထားရှိပြီး မှတ်တမ်းတင်ထားတဲ့ လက်ပုံစံစာချပ်တွေကို မှုခင်းရဲတပ်ဖွဲ့ကို အချိန်နဲ့တပြေးညီ မပျက်မကွက်ပေးပို့ကြဖို့ကိုလဲ မှာကြားခဲ့ပါတယ်။

စီရင်ချက်ချမှတ်ပြီးတဲ့တရားခံတွေရဲ့ လက်ပုံစံတွေကို စနစ်တကျ မှတ်တမ်းတင်ထားနိုင်ဖို့ လိုအပ်လို့ ဒီသင်တန်းကို ဖွင့်လှစ်ခဲ့တာဖြစ်ပြီး မှုခင်းရဲတပ်ဖွဲ့မှ ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် လာရောက် လေ့ကျင့်သင်ကြားပေးတာလဲ ဖြစ်တယ်လို့သိရပါတယ်။ လက်ပုံစံနှိပ်ယူနည်းကတော့ ပြစ်မှုကျူးလွန်သူတွေရဲ့ လက်ပုံစံတွေကို ရဲစခန်းအသီးသီးက ရိုက်နှိပ်ပြီး လက်ပုံစံစာချပ်များရယူကာ မှုခင်းတပ်ဖွဲ့ကို ပေးပို့ပေးရတာဖြစ်ပါတယ်။ လက်ပုံစံနှိပ်ယူနည်း မွမ်းမံသင်တန်းကို ရန်ကုန်ဒေသကြီးရဲတပ်ဖွဲ့အနေနဲ့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ရဲစခန်းတွေက လက်ပုံစံစာချပ်တွေရိုက်ယူရတဲ့  မှုခင်းမှတ်တမ်း တာဝန်ခံအားလုံးကိုသင်ကြားပေးသွားမှာဖြစ်ပြီး ဒီအသုတ်မှာတော့ သင်တန်းသား (၂၀)ကျော် တတ်ရောက်သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ နောက်ဒုတိယအသုတ်အနေနဲ့ သင်တန်းသား (၂၀)ကျော်ကို အောက်တိုဘာ ၉ ရက်ကနေ ၁၃ ရက်နေ့အထိ ဖွင့်လှစ်သင်ကြား ပေးသွားမှာဖြစ်ပြီး တတ်မြောက်ပြီးတဲ့ မှုခင်းမှတ်တမ်းတာဝန်ခံ သင်တန်းသားတွေကတဆင့် စခန်းက တပ်ဖွဲ့ဝင် တွေကိုလဲ ဆင့်ပွားသင်ကြားပေးသွားအုံးမယ်လို့လဲသိရပါတယ်။

 

Related News