ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC)အစည်းအဝေးကိုတော့လက်ရှိ      အချိန်ထိမခေါ်နိုင်သေးပဲရှိနေပါတယ်။ လက်ရှိမှာတော့ UPDJC မှာပါတဲ့ အစုအဖွဲ့သုံးခုကတော့ အစုအဖွဲ့အလိုက် ပြန်လည်သုံးသပ်ဆွေးနွေးမှုတွေလုပ်နေပါတယ်။ တစ်နှစ် နှစ်ကြိမ်ဆိုတဲ့ ပင်လုံအစည်းအဝေးသတ်မှတ်ချက်အတိုင်း ဆက်သွားဖို့ အဆင်ပြေ သေးသလားဆိုတာကို ဦးစိုင်းကျော်ညွန့်က မေးခွန်းထုတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ ပင်လုံအစည်းအဝေး အတွက်တုန်းကလည်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့သလို အချိန်ရရှိမှုတိုတောင်းခဲ့ကာ လုပ်ငန်းကော်မတီအစည်းအဝေးလည်း နှစ်ကြိမ်ပဲ လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒါတွေကို ပိုကောင်းအောင်ဆောင်ရွက်ဖို့လိုတယ်လို့ သူကပြောပါတယ်။ဒါပေမယ့်ဒီတစ်ခေါက်ပင်လုံအစည်းအဝေးအတွက်လည်း လက်ရှိအချိန်ထိတော့ ဆုံးဖြတ်ချက် တွေ ပေးနိုင်မယ့်UPDJCအစည်းအဝေးက မပြုလုပ်နိုင်သေးပါဘူး။ ပင်လုံအစည်းအဝေးမတိုင်ခင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမလုပ်ရသေးတဲ့နေရာတွေမှာ ပြုလုပ်နိုင်ဖို့ UPDJCမှာ ဆုံးဖြတ်ကြမှာပါ။

တိုင်းပြည်အခြေအနေ၊ NCA မထိုးရသေးတဲ့ အဖွဲ့တွေပါဝင်လာအောင်ကြိုးစားနေမှုအပါအ၀င် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပြီးခဲ့တဲ့ ပင်လုံအစည်းအဝေးအပေါ် အစုအဖွဲ့အလိုက် ပြန်လည်သုံးသပ် တာတွေ ပြုလုပ်နေလို့UPDJC အစည်းအဝေးက နောက်ကျနေတယ်လို့ ဦးသုဝေကပြောပါတယ်။UPDJC အစည်းအဝေးမတိုင်ခင်ကျင်းပမယ့် အတွင်းရေးမှူး အစည်းအဝေးရက်လည်းမသိရသေးဘူးလို့ ပြောပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဥက်္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ UPDJC ကိုတော့ ၂၀၁၆ခုနှစ်ဇွန်လ၂၈ရက်က စတင်ဖွဲ့စည်းခဲ့တာပါ။ အဖွဲ့ဝင်(၁၆)ဦးစီပါတဲ့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့နဲ့ နိုင်ငံရေး ပါတီအစုအဖွဲ့ စုစုပေါင်းအစုအဖွဲ့ (၃)ခုနဲ့ ဖွဲ့စည်းထားတာပါ။ နိုင်ငံရေးပါတီ အစုအဖွဲ့မှာတော့ အနိုင်ရပါတီ (၂၃)ခုကိုယ်စားပြု အဖွဲ့ဝင်(၁၆)ဦးပါဝင်တယ်ဆိုပေမယ့် ဒီ(၁၆)ဦးဟာ ပါတီ၁၄ခုကသာဖြစ်တာကြောင့် ကျန်တဲ့ ၉ပါတီက ကိုယ်စားလှယ်တွေကိုလည်း အကြံပေးအဖွဲ့ အဖြစ်ထားနိုင်ဖို့ UPDJC  အစည်းအဝေးတွေမှာ တင်ပြသွားမယ်လို့ သိရပါတယ်။ အစိုးရဘက်ကတော့ လာမယ့် ဒီဇင်ဘာလဆန်းလောက်မှာ တတိယပင်လုံအစည်းအဝေးကို ကျင်းပနိုင်ဖို့မျှော်မှန်းထားတယ်လို့ ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူတွေက သြဂုတ်(၄)ရက်က ချင်းမိုင်းမှာ UNFC နဲ့ တွေ့ဆုံစဉ်ပြောဆိုထားပါတယ်။

 

Related News