ရန်ကုန်မြိ့ပတ်ရထားလမ်းပိုင်းအဆင့်မြှင့်တင်ရေးလုပ်ငန်းတွေကို လာမဲ့ အောက်တိုဘာလ တတိယအပတ်မှာသာ လုပ်ငန်းဆောင်ရွက်တာတွေကိုလုပ်ဆောင်တော့မှာဖြစ်တယ်လို့  မြန်မာ့မီးရထားမှ တာဝန်ရှိသူက ပြောပါတယ်။ ရန်ကုန်မြို့ ပတ်ရထားလမ်း အဆင့်မြှင့်တင်ရေးလုပ်ငန်းကို အရင်က  အောက်တိုဘာလ (၁)ရက်မှာလုပ်ငန်းတွေလုပ်ဆောင်ဖို့ ကြော်ငြာထားပေမယ့် လက်တလောမှာတော့ အောက်တိုဘာလ တတိယအပတ်မှာသာ စတင်ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။ ရထားလမ်းပိုင်း အဆင့်မြှင့်တင်တာတွေ ဆောင်ရွက်ရာမှာ တညင်းကုန်းဘူတာ ၊ မင်္ဂလာဒုံဘူတာ၊ ပုရွတ်ဆိတ်ကုန်း ဘူတာစတဲ့ လမ်းပိုင်းတွေကို ပထမအပိုင်းအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပြီး ဆောင်ရွက်ချိန်မှာ (၄)လကြာမြင့်မှာဖြစ်တယ်လို့ သိရပါတယ်။ မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ချိန်မှာ ရထားလမ်းပိုင်းတွေကို တစ်လမ်းပိတ် တစ်လမ်းသွားစနစ်နဲ့ ဆောင်ရွက်မှာဖြစ်တာကြောင့် ရထားအချိန်တွေ ပြောင်းလဲမှုတွေရှိနိုင်တယ်လို့ မြန်မာ့မီးရထားမှ ပြောပါတယ်။
 
မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်တဲ့လုပ်ငန်းတွေဆောင်ရွက်ချိန်မှာ ရထားစီးနင်းတဲ့ ပြည်သူတွေ ရထားအချိန်ပြောင်းလဲမှုတွေကို ရုံးချိန်နဲ့ ရုံးဆင်းချိန်တွေကို မထိခိုက်အောင် ပြောင်းလဲသွားမှာဖြစ်ပြီး ပြောင်းလဲခဲ့တဲ့အချိန်စာရင်းကိုလည်း နိုင်ငံပိုင်သတင်းစာ၊ မီဒီယာတွေနဲ့ ပြောင်းလဲလိုက်တဲ့ မီးရထားအချိန်စာရင်းတွေကို လက်ကမ်းစာစောင်တွေဖြန့်ဝေ အသိပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာတော့ ရထားစီးနင်းတဲ့ပြည်သူတွေအနေနဲ့ အချိန်ပြောင်းလဲ တာကို အတိအကျမသိရှိရသေးဘူးလို့ ပြောပါတယ်။ ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းက (၂၉)မိုင်ခွဲရှိပြီး ကြာချိန်(၂)နာရီ မိနစ်(၅၀) ရှိပါတယ်။ တစ်နေ့ကို ခေါက်ရေ ၂၂၀ခန့် လူဦးရေ(၉)သောင်းခန့် စီးနင်းနေတယ်လို့ သိရပါတယ်။ မနက်ပိုင်းရုံးတက်ချိန်ပြေးဆွဲပေးနေတဲ့ရထား(၁၅)စီးနဲ့ ညနေရုံးဆင်းချိန်ပြေးဆွဲပေးနေတဲ့ ရထား (၁၆)စီး ရှိတယ်လို့လည်း သိရပါတယ်။
 
 

Related News