ဒီကနေ့အောက်တိုဘာ(၁)ရက်မှာ ကျရောက်တဲ့ (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရန်ကုန်မြို့မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ်ပြတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ကပေးပို့တဲ့ (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ သ၀ဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်က ဖတ်ကြားခဲ့ပါတယ်။ (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားအဖွင့်အမှာစကားကို ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်စိုးမိုးက ပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်က ပေးပို့တဲ့ (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့သ၀ဏ်လွှာမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ရန်ကုန်နဲ့မန္ဆလေးမြို့တွေမှာ ပြည်သူလူထုလုံခြုံရေး၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနဲ့ တားဆီးနှိမ်နင်းရေးတွေအတွက် လုပ်ဆောင်နေသလို  ထူးခြားမှုတွေကို အချိန်နဲ့တပြေးညီသိရှိရဖို့ ကွန်ထရိုးစင်တာတွေကို တည်ဆောက်ပြီး တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ပါရှိပါတယ်။
 
ဒီမြို့ကြီး နှစ်မြို့အပြင် ကျန်အခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလဲ ကွန်ထရိုးစင်တာတွေ တည်ဆောက်ထားရှိသွားမယ်လို့လည်း ဖော်ပြပါရှိပါတယ်။ ဒါ့ပြင် တစ်နှစ်တာအတွင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ရဲလုပ်ငန်းဆိုင်ရာ လုပ်ငန်းခွင် ကဏ္ဍအသီးသီးမှာ ထူးချွန်ဆုရှိသူတွေ၊ တပ်ရင်း၊စခန်းတွေမှာသန့်ရှင်းရေး၊ အခြားပြည်သူ့အကျိုးပြုလုပ်ငန်းတွေမှာ ထူးချွန်ဆုရရှိသူတွေကို ရဲချူပ်၊တိုင်းဒေသကြီးဝန်ကြီးချူပ်၊ တိုင်းရဲတပ်ဖွဲ့မှူး တို့က ပေးအပ်တဲ့ဆုတွေစတဲ့ ထူးချွန်ဆုပေါင်း(၁၀၀)ကျော် ချီးမြှင့်ခဲ့ကြပါတယ်။ (၅၃)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အခမ်းအနားကို  ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးတွေ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာ အကြီးအကဲတွေ၊ အမှတ်(၂)လုံခြုံရေးရဲကွပ်ကဲမှုအဖွဲ့မှူးနဲ့ အရာရှိကြီးတွေ၊တပ်ရင်း။တပ်ဖွဲ့တွေက အရာရှိတွေ၊တပ်ဖွဲ့ဝင်တွေ၊အငြိမ်းစားရဲတပ်ဖွဲ့ဝင် အရာရှိကြီးတွေ၊ရဲတပ်ဖွဲ့ကို ထောက်ပံ့လှူဒါန်းနေတဲ့ အလှူရှင်တွေစတဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ကြခဲ့ပါတယ်။
 
 

Related News