နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စတင်ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေကနေ ကွင်းဆက်အနေနဲ့ ဖမ်းဆီးရရှိမှုအားလုံးကို အမှု၁၇မှုနဲ့ အမှုဖွင့်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောပါတယ်။သေနတ်တွေ ထပ်မံဖမ်းဆီးရမီမှုကို အမှုဖွင့်အရေးယူထားတာနဲ့ ပတ်သက်ပြီး အောက်တို ဘာလ၂၆ရက်က ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးကို တက်ရောက်လာစဉ် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးကမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့တာပါ။
 
သေနတ်တွေဖမ်းဆီးရမိမှုနဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ နေပြည်တော်တို့မှာ အမှုဖွင့်ထားခြင်းဖြစ်ကာ နေပြည်တော်မှာ ၁၀မှု၊  ရန်ကုန်မှာ ၇မှု စုစုပေါင်း၁၇မှုနဲ့ အမှုဖွင့်ထားတာလို့ ပြောပါတယ်။ ဖွင့်ထားတဲ့အမှုတွေထဲမှာ လက်နက်မှု၊ နိုင်ငံတော်အစိုးရ လျှိုဝှက်အက်ဥပဒေနဲ့မူးယစ်ဆေးဝါးမှုတွေအပါအ၀င် တရားမ၀င် ပစ္စည်းတွေတင်သွင်းမှုအတွက် မြန်မာနိုင်ငံ ပို့ကုန်သွင်းကုန်ဥပဒေတွေအပါအ၀င်  ဆက်သွယ်ရေးဥပဒေတွေနဲ့ပါ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အောက်တိုဘာလ ၁၅ ရက်က  ACE ကုမ်္ပဏီ ဥက္ကဋ္ဌ ဖြိုးကိုကိုတင့်ဆန်းနဲ့ အခြားလူနှစ်ဦးထံကနေ သေနတ်တွေကိုစတင်ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၆ ရက်နေ့ အထိ လူ၁၅ဦးအပါအ၀င် သေနတ်၂၄လက်ကိုဖမ်းဆီးရမီထားတယ်လို့ သိရပါတယ်။
 
ဖမ်းဆီးရမိထားတဲ့ သေနတ်တွေထဲမှာ သေနတ် အလက်၂၀ဟာ အစစ်တွေဖြစ်ပြီး ကျန် ၄လက်မှာ လေသေနတ်တွေဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ် အောင်စိုးကပြောပါတယ်။ ဒါ့အပြင်ဖမ်းဆီးရမိတဲ့ ကွန်ပြူတာ မှတ်တမ်းတွေစာရွက်စာတန်း မှတ်တမ်းတွေကနေ သတင်းအချက်အလက်တွေရယူပြီး အခြာကွင်းဆက်တရားခံတွေ ဖမ်းမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အဆိုပါ အမှုတွေအတွက် မြန်မာနိုင်ငံမှုခင်းရဲတပ်ဖွဲ့(CID)ကို လွှဲပြောင်းထားကာ CID က စစ်ဆေးတာတွေကို စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။
 
 

Related News