မနက်ဖြန် နိုဝင်ဘာ(၂၂)ရက်နေ့ဟာ ထိုင်းလိပ်ကျွန်းအမှုအတွက် အဆင့်မြင့်ဆုံး တရားလွှတ်တော်ချုပ်မှာ တင်ထားတဲ့ မြန်မာဘက်က နောက်ဆုံးအယူခံနဲ့ပတ်သက်ပြီး ထိုင်းရှေ့နေတွေရဲ့ လျှောက်လဲ ချက်တင်ရ မယ့်နေ့ပါ။ ဒါပြီးရင်တော့ လိပ်ကျွန်းအမှုနဲ့ပတ်သက်ပြီး ထိုင်းတရားလွှတ်တော်ချုပ်က နောက်ဆုံး ဆုံးဖြတ်ချက်ကို ချမှတ်ဖို့လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ 
 
ကိုဇော်လင်းနဲ့ကိုဝင်းဇော်ထွန်းတို့ရဲ့ သေဒဏ်နဲ့ပတ်သက်ပြီး နောက်ဆုံးအယူခံကို ပြီးခဲ့တဲ့ သြဂုတ်လ (၂၁)ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ထိုင်းရှေ့နေတွေ ဘက်က လျှောက်လဲချက်ကို အောက်တိုဘာ ၂၂ရက်မှာ တင်သွင်းရမှာဖြစ်ပေမယ့် မတင်သွင်းနိုင်ခဲ့ တာကြောင့် နိုဝင်ဘာ(၂၂)ရက် ကို ရက်တိုးတောင်းခံထားတာပါ။
 
နိုဝင်ဘာ(၂၂)ရက်နေ့မှာ ထိုင်းရှေ့နေတွေဘက်က လျှောက်လဲချက်တင်သည်ဖြစ်စေ၊ မတင်နိုင်သည်ဖြစ်စေ နောက်ဆုံးတရားလွှတ်တော်ချုပ်အနေနဲ့ ဒီအမှုကို ဆုံးဖြတ်ဖို့ လုပ်ဆောင်တော့မှာ ဖြစ်တယ်လို့ မြန်မာနှစ်ဦး အတွက် လိုက်လံဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးအောင်မျိုးသန့်ကပြောပါတယ်။ အမှုအတွက် နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ လာမယ့် ၂၀၁၈နှစ်ဆန်းပိုင်းမှာ ထွက်ပေါ်လာဖို့ မျှော်မှန်းထားကြပါတယ်။
 
မြန်မာနှစ်ဦးရဲ့သေဒဏ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး အယူခံလွှာကို ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် မေလက အယူခံတရားရုံးကိုတင်သွင်းခဲ့ပေမယ့် အယူခံတရားရုံးက သေဒဏ်အဖြစ်သာ ၂၀၁၇ ဖေဖော်ဝါရီလအတွင်း ထပ်မံဆုံးဖြတ်ထားတာပါ။
 
မြန်မာနှစ်ဦးအတွက် အယူခံလွှာကတော့ စာမျက်နှာလေးထောင်ဝန်းကျင်ရှိတဲ့ မူလတရားရုံးရဲ့ အမှုတွဲအပေါ် မူတည်ပြီးဗြ မတူညီမှု၊ သက်သေပစ်္စည်းနဲ့ သေဒဏ်ချမှတ် ဖို့မခိုင်လုံတဲ့ အချက်တွေအပေါ် အခြေခံထားတဲ့စာမျက်နှာ (၃၀၀)ကျော်တဲ့ အယူခံလွှာဖြစ်ပါတယ်။ အယူခံလွှာကိုတော့ ထိုင်းရှေ့နေများ ကောင်စီ၊ မြန်မာအစိုးရ စေလွှတ် တဲ့ ပညာရှင်တွေနဲ့ ထိုင်းသံရုံးအထူးအဖွဲ့တွေပူးပေါင်း လုပ်ဆောင်ထား တာဖြစ်ပါတယ်။
 
 

Related News