ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေကြောင့် ဘင်္ဂလားဒေရှ့်နိုင်ငံဖက် ထွက်ပြေးတိမ်းရှောင်နေသူတွေကို ပြန်လည်လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံတို့အကြား အမြန်ဆုံးသဘောတူညီမှုရဖို့မျှော်လင့်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။ 
 
နိုဝင်ဘာလ၂၁ ရက်ကနေပြည်တော်မှာရှိတဲ့ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန- ၁ (MICC-1) မှာ ပြုလုပ်ခဲ့တဲ့အာရှ-ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ASEM (အေဆမ်)နဲ့ ပတ်သက်ပြီး ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့တာဖြစ်ပါတယ်။
 
မြန်မာနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံတို့အကြား ရခိုင်အရေးကိစ္စနဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံဖက်ကို ထွက်ပြေးတိမ်း ရှောင်နေသူတွေကို ပြန်လည်လက်ခံရေး ကိစ္စတွေအတွက် နိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးကို နေပြည်တော်မှာ နိုဝင်ဘာလ ၂၂ ကနေ ၂၃ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသွားမယ်လို့ သိရပြီး အဆိုပါဆွေးနွေးပွဲကိုတက်ရောက်ဖို့အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေးဝန်ကြီးလည်း ရောက်ရှိနေပြီလို့ သိရပါတယ်။ 
 
မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးတယ်လို့ သိရတဲ့လူတွေထဲက ၂၀၁၆ ခုနှစ်ကနေ လက်ရှိအချိန်ထိ ဘင်္ဂလားဒေရှ့် နိုင်ငံဖက်ကို နယ်စပ်ဖြတ်ကျော် ၀င်ရောက်လာသူအရေအတွက်ဟာ ခြောက်သိန်းကျော်ရှိတယ်လို့ နိုဝင်ဘာလ ၁၄ ရက်က နေပြည်တော်မှာရှိတဲ့ သင်္ဂဟဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ လေးကြိမ်မြောက် မြန်မာ-ဘင်္ဂလားဒေရှ့်နယ်ခြားစောင့်တပ်ဖွဲ နယ်စပ်ဆိုင်ရာဗဟိုအဆင့် အစည်းအဝေးမှာ ဘင်္ဂလားဒေရှ့် ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင်အဖြစ် တက်ရောက်ခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ညွန်ကြားရေးမှူးချုပ် ADUL HOSSAIN  က ပြောကြားထားပါတယ်။
 
 

Related News