ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူတွေအတွက်လိုအပ်တဲ့ လမ်းတွေ၊ တံတားတွေ၊ နေအိမ်တိုက်တာ အဆောက်အဦတွေ၊ မြို့ပြအိမ်ယာဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်ကာပြည်သူတွေရဲ့ ဘဝတွေ အေးချမ်းသာယာရေးအတွက် ကြိုးပမ်း ဆောင်ရွက် ပေးကြဖို့ နိုင်ငံတော် သမ္မတဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။ နေပြည်တော်သတင်းအဖွဲ့က တင်ဆက်ပေးပါ့မယ်။ 
 
နိုင်ငံတော် သမ္မတဦးထင်ကျော်က နိုဝင်ဘာလ၂၅ရက်က နေပြည်တော်မှာရှိတဲ့ ဆောက်လုပ်ရေး ဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့၁၃၁ နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားကို တက်ရောက်စဉ် အဖွင့်မိန့်ခွန်းမှာ ထည့်သွင်းပြေားကြားခဲ့တာပါ။ 
 
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းမှာ လိုအပ်တဲ့ လမ်းတံတားတွေ၊ နေအိမ်တိုက်တာ အဆောက်အဦး တွေနဲ့မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပြည့်မှီစေရေးအတွက် မူဝါဒ၄ချက်ချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၃၀ပြည့်နှစ်အရောက်မှာ ပြီးစီးဖို့ ရည်မှန်းဆောင်ရွက် နေတဲ့ အချက်၎ချက်လဲရှိတယ်လို့ သိရပါတယ်။ အဲဒီရည်မှန်းချက် ၄ချက်ထဲမှာ ၂၀၃၀ပြည့်နှစ်မှာ လက်ရှိ ၄၂၁၂၁ကီလိုမီတာ ရှိတဲ့ လမ်းတွေကို၁၈ပေ အကျယ်ကတ္တရာ၊ ကွန်ကရစ်လမ်းတွေ အဖြစ် ရောက်ရှိစေရေး၊ တံတားအားလုံး ၂၄ပေအကျယ်နှစ်လမ်းသွား အဆင့်အနည်းဆုံး ရောက်ရှိနေစေရေး၊ မြန်မာနိုင်ငံရှိမြို့ပေါင်း ၃၃၀ကျော်ကို စနစ်ကျသောမြို့ပြများဖြစ်စေရေးနဲ့ အဲဒီမြို့တွေမှာ အစိုးရနဲ့ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ပြီး အိမ်ခန်းတစ်သန်းတည်ဆောက် ပြီးစီးရေးအချက် တွေအပါအဝင် ကျေးရွာအားလုံးရဲ့ ၈၀ ရာခိုင်နှုန်းသော လမ်းတွေကို ရာသီမရွှေးသွားလာလို့ရတဲ့ ကျေးလက်လမ်းတွေအဖြစ် အဆင့်မြင့်တင်နိုင်ရေး အချက်တွေပါဝင်တယ်လို့ ပြောပါတယ်။ 
 
ယခုနှစ်မှာ ၁၃၁ နှစ်ပြည့်မြောက်ခဲ့တဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ နှစ်ပတ်လည်နေ့ အခမ်းအနားကို နိုင်ငံတော်သမ္မတဦးထင်ကျော်က အထိမ်းအမှတ်ကျောက်စာတိုင် ဖွင့်လှစ်ပေးခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသား လွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီး တွေတက်ရောက်ခဲ့ကြပါတယ်။
 
 

Related News